မနက်ဖြန်ညမှာ ကစားသွားမှာပါ။

၂၀၁၈ AFF Suzuki Cup ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ကာတာနိုင်ငံမှာ စခန်းသွင်း လေ့ကျင့်နေပါတယ်။ ကာတာခရီးစဉ်အတွင်း မြန်မာအသင်းဟာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ပထမဆုံး ခြေစမ်းပွဲကို အောက်တိုဘာလ (၁၉)ရက်နေ့၊ မြန်မာစံတော်ချိန် ည (၉း၁၅)နာရီမှာ ကစားသွားမယ်လို့ သိရပါတယ်။

Photo : QNB Stars League

 

မြန်မာအသင်းနဲ့ ကစားမယ့် အသင်းကတော့ ကာတာစတားလိဂ်ကလပ် Al Duhail အသင်းဖြစ်ပါတယ်။ ကာတာစတားလိဂ်ကို Q-League လို့ အရင်ကခေါ်ဝေါ်ခဲ့ပြီး ကာတာပြည်တွင်းရဲ့ အဆင့်မြင့်ဆုံး လိဂ်ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ မြန်မာအသင်းနဲ့ ကစားမယ့် Al Duhail အသင်းဟာ ပြီးခဲ့တဲ့ရာသီက ကာတာစတားလိဂ်ဖလားကို ရရှိထားတဲ့ အသင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Photo : The National

 

ဒီအသင်းကို ပြည်တွင်းကစားသမားအများစုနဲ့ ဖွဲ့စည်းထားပြီး နိုင်ငံခြားသား ကစားသမားတွေအဖြစ် ဘရာဇီးလ်ကစားသမား (၂)ဦး၊ တောင်ကိုရီးယား ကစားသမား (၁)ဦး၊ တူနီးရှား ကစားသမား (၁)ဦး၊ မော်ရိုကိုကစားသမား (၁)ဦးတို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။  Al Duhail အသင်းကို ၂၀၀၉ ခုနှစ်ကမှ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကာတာလိဂ်မှာ ဘဏ္ဍာရေးအင်အားအတောင့်တင်းဆုံး အသင်းလည်း ဖြစ်ပါတယ်။

Photo : Fox Sports

 

အသင်းကို စတင်တည်ထောင်ပြီး တစ်နှစ်အကြာမှာ ကာတာလိဂ်အမှတ်ပေးဖလားကို ရရှိခဲ့ပြီး  ပြီးခဲ့တဲ့ရာသီကဆိုရင် ကာတာပြည်တွင်းလိဂ် ဖလား (၃)လုံးကို တစ်ပြိုင်နက်တည်း ရရှိခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အာရှချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ပြိုင်ထားတဲ့ အသင်းဖြစ်ပြီး ခြေစွမ်းမြင့်မားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo : Fox Sports

 

ဒိုဟာမြို့ အခြေစိုက် ကလပ်အသင်း ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ဆူဇူကီးဖလားပွဲအတွက် ဒီနှစ်မှာ အထူးပြင်ဆင်နေတာဖြစ်ပြီး ကာတာနိုင်ငံရဲ့ အဆင့်အမြင့်ဆုံးလိဂ်က အကောင်းဆုံးအသင်းတစ်သင်းနဲ့ ခြေစမ်းခွင့် ရရှိတာဟာ တော်တော်လေး အကျိုးကျေးဇူး ခံစားရမှာ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ အတွေ့အကြုံကောင်းတွေကို အရယူပြီး ပြန်လည်အသုံးချနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Share

Loading Next Article...
က္က