MFF မှ CEO ဦးဘုန်းနိုင်ဇော်က ပြန်လည်ဖြေကြားပေးခဲ့တာပါ။

2018 AFF Suzuki Cup ပြိုင်ပွဲကြီးက မကြာခင်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ အရှေ့တောင်အာရှက နိုင်ငံပေါင်း (၁၀)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အာဆီယံဒေသတွင်းရဲ့ အဆင့်မြင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တာမို့ ပါဝင်ကစားကြမယ့် အသင်းတိုင်းရော၊ သက်ဆိုင်ရာ နိုင်ငံအသင်းတွေရဲ့ ပရိသတ်တွေကပါ စိတ်ဝင်စားမှု များပြားတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

Photo : MFF

 

ဒီပြိုင်ပွဲကို ပြည်တွင်းက Free to Air ရုပ်သံလိုင်းတွေက တိုက်ရိုက်ထုတ်လွှင့်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီအပေါ်မှာ မြန်မာဘောလုံး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေက မြင့်တက်နေပြီး နိုင်ငံလက်ရွေးစင်အသင်းရဲ့ ပွဲစဉ်တွေကို အခပေးရုပ်သံလိုင်းတွေကနေပဲ ကြည့်ရှုရတော့မှာလားဆိုတဲ့ ဝေဖန်မှုတွေ ရှိလာခဲ့ပြီး ပြင်းထန်တဲ့ ပြစ်တင်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

 

ပြည်တွင်းက အခကြေးငွေမပေးရတဲ့ ရုပ်သံလိုင်းတွေက တိုက်ရိုက်မထုတ်လွှင့်ရတဲ့အကြောင်းရင်း နဲ့ Sky Net ကပဲ တိုက်ရိုက်ထုတ်လွှင့်သွားမယ့် ကိစ္စနဲ့ပတ်သက်ပြီး Duwun Sports က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ CEO ဦးဘုန်းနိုင်ဇော်နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ဒီအပေါ်မှာတော့ ဦးဘုန်းနိုင်ဇော်က အခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

"ဆူဇူကီးပြိုင်ပွဲရဲ့ ရုပ်သံထုတ်လွှင်ခွင့်က ကျွန်တော်တို့ မြန်မာဘောလုံးအဖွဲ့ချုပ်က မပိုင်ပါဘူး၊ ဒီဟာကို ပိုင်တာက အာဆီယံဘောလုံး အဖွဲ့ချုပ်ပေါ့နော်၊ သူတို့ဆီကနေမှ တဆင့်ပြန်လည်ဝယ်ယူပြီးတော့ ပြသရတာပါ၊ ဒီအပေါ်မှာ Sky Net ကလည်း သူတို့ရဲ့ စီးပွားရေးအရ ဝယ်ယူပြီး တဆင့်ပြန်လည်ထုတ်လွှင့်တာပါ၊ ကျွန်တော်တို့အနေနဲ့ ဘာမှဝင်ပြီးတော့ ပြောဆိုလို့မရပါဘူး" လို့ ဖြေကြားခဲ့ပါတယ်။

ပရိသတ်တွေအနေနဲ့ကတော့ နိုင်ငံအသင်းရဲ့ ပွဲစဉ်တွေကို ပုံမှန်အားဖြင့် နိုင်ငံတွင်းက Free to Air ရုပ်သံလိုင်းတွေကနေ ကြည့်ရှုနေရတာပါ။ ဒါပေမယ့်လည်း ဆူဇူကီးဖလားလို ပြိုင်ပွဲကိုတော့ ယခင်လို ကြည့်ရှုလို့မရတဲ့အပေါ်မှာ စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ဆူဇူကီး ဖလားပြိုင်ပွဲကို MRTV, MRTV-4 တို့က တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာပါ။

 လက်ရှိမှာတော့ Sky Net က ဆူဇူကီးပွဲစဉ်အားလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာပါ။ ဒီအပေါ်မှာ MRTV, MRTV-4 ရုပ်သံလိုင်းတွေက မြန်မာအသင်းရဲ့ ပွဲစဉ်တွေကိုပဲ ရွေးချယ်ပြီး တိုက်ရိုက်ပြသ မှာလား၊ မပြသဘူးလားဆိုတာကတော့ မသေချာသေးဘူးလို့ သိရပါတယ်။

Share

Loading Next Article...
က္က