၆ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ ထိုင်းနိုင်ငံအခြေစိုက် အားကစားအသုံးအဆောင်ကုမ္ပဏီဖြစ်တဲ့ Warrix Sports Co.,Ltd တို့ ယနေ့နေ့လည်မှာ နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြပြီး Warrix ကုမ္ပဏီနဲ့ လက်တွဲပြီး မြန်မာဘောလုံးအသင်းကို အောင်မြင်မှုတွေ ရရှိနိုင်ပါစေလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။



u zaw zaw.jpg 

မြန်မာနိုုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ FBT တို့ ချုပ်ဆိုထားတဲ့ ဂျာစီစပွန်ဆာသက်တမ်း ကုန်ဆုံးသွားတာကြောင့် မြန်မာနိုုင်ငံဘောလုံးအဖွဲ့ချုပ်က စပွန်ဆာအဖြစ် လက်တွဲလုပ်ဆောင်မယ့် ကုမ္ပဏီများကို ခေါ်ယူခဲ့ပြီး Warrix ကုမ္ပဏီနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ဂျာစီစပွန်ဆာဖြစ်လာတဲ့ Warrix Sportwear ကုမ္ပဏီဟာ ထိုင်းလက်ရွေးစင်အသင်းကိုလည်း ဂျာစီစပွန်ဆာပေးပြီး လက်တွဲလုပ်ဆောင်နေတဲ့ အားကစားအသုံးအဆောင်ကုမ္ပဏီဖြစ်ပါတယ်။

Warrix နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ဟာ ၂၀၁၈ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်အနေ့အထိ ၆ နှစ်သက်တမ်းရှိ ဂျာစီစပွန်ဆာစာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်တန်ဖိုးဟာ ပစ္စည်းနဲ့ ငွေသားအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၆၇ သန်းရှိတယ်လို့ သိရပါတယ်။ Warrix ကုမ္ပဏီရဲ့ CEO Mr. Wisan က မြန်မာ့ဘောလုံးအဆင့်အတန်းဟာ တဖြည်းဖြည်းချင်း အဆင့်အတန်းမြင့်မားလာနေပြီး မြန်မာ့ဘောလုံးနဲ့ မိသားစုတွေလိုမျိုး ရေရှည်လက်တွဲပူးပေါင်းဆောင်ရွက်သွားဖို့ရည်ရွယ်တာကြောင့် ယခုလို စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က Warrix နဲ့ သဘောတူစာချုပ်ချုပ်ဆိုတဲ့အခမ်းအနားမှာ ယခင် ဂျာစီစပွန်ဆာမရရှိခင်က ကြုံတွေ့ရတဲ့အခက်အခဲတွေအကြောင်းကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။

"ဘောလုံးအားကစားကို ကစားဖို့ဆိုရင် နေရှင်နယ်ဂျာစီပေါ့နော်။ သူများနိုင်ငံတွေမှာဆိုလို့ရှိရင် အရင်တုန်းကတည်းက ဂျာစီစပွန်ဆာလည်းရတယ်။ စပွန်ဆာကြေးလည်းရတယ်ပေါ့။ ကျွန်တော်တို့ အဲဒီလို မဖြတ်သန်းရတာ တော်တော်လေးကြာခဲ့ပါပြီ။ ဒီမတိုင်မီ FBT နဲ့ ပထမစာချုပ်မှာ အဝတ်အစားအနေနဲ့ ပံ့ပိုးမှုပေးတယ်။ ဒါပေမယ့် ငွေကြေးထောက်ပံ့မှုမပါဘူး"

"ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံအရဆိုရင် ဂျာစီ ရှာဝယ်ရတာမျိုးနဲ့ ကြုံခဲ့ရတယ်။ ဂျာစီက ပြည့်ပြည့်စုံစုံ မရတဲ့အတွက် တံဆိပ်တွေက တမျိုးစီတွေပေါ့။ တံဆိပ်အမျိုးမျိုးဝယ်ပြီး ဝတ်ရတဲ့အခြေအနေအထိ ကြုံခဲ့ရဖူးတယ် ကျွန်တော့်ရဲ့ဘောလုံးဥက္ကဌသက်တမ်းတလျှောက်မှာ။ အခု FBT နဲ့စာချုပ်ကုန်ဆုံးသွားတဲ့အခါမှာ Warrix က ကျွန်တော်တို့ကို ကမ်းလှမ်းတယ်။ ကျွန်တော်တို့ကို ကမ်းလှမ်းတဲ့ဟာက ၄၊ ၅ ခုရှိတဲ့အထဲမှာ Warrix လောက် ဘယ်သူကမှ မပေးနိုင်ဘူး။ Warrix က အနာဂတ်မှာ ပိုကောင်းမွန်တဲ့အမှတ်တံဆိပ်ဖြစ်အောင်လို့ သွားနေတဲ့အတွက် ကျွန်တော်တို့ Win-Win ပုံစံမျိုးနဲ့ သွားလို့ရမယ်ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က