အောက်တိုဘာလ (၂၆)ရက်နေ့မှာ ထိုးသတ်မှာပါ။

အောက်တိုဘာလ (၂၆)ရက်နေ့မှာ MMA မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုအတွက် အောင်လအန်ဆန်းနဲ့ ထိုးသတ်ရမယ့်ပွဲဟာ စိန်ခေါ်သူ ခရာကီအတွက်တော့ သူ့ရဲ့ကစားသမားဘဝမှာ အကြီးကျယ်ဆုံး ထိုးသတ်ပွဲဖြစ်လာမှာဖြစ်ပြီး ဒီပွဲကနေ ရရှိမယ့် ဆုကြေးငွေကလည်း အများဆုံးဖြစ်လာမှာ ဖြစ်ပါတယ်။

 

 MMA ကစားသမားဘဝမှာ (၉)ပွဲထိုးသတ်ထားပြီး (၉)ပွဲစလုံးကို အနိုင်ယူထားတဲ့ စိန်ခေါ်သူ ခရာကီက သူ့အနေနဲ့ အောင်လအန်ဆန်းနဲ့ ထိုးသတ်မယ့်ပွဲမှာ ရှုံးနိမ့်မှုကို လက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒါဟာ အောက်တိုဘာလ (၂၆)ရက်နေ့၊ သုဝဏ္ဏမှာ ထိုးသတ်မယ့်ပွဲရဲ့ အရှိန်ကို ခရာကီက မြှင့်တင်လိုက်တာလည်း ဖြစ်ပါတယ်။

 

မြန်မာ့စပါးအုံးမြွေလို့ နာမည်ကျော်ကြားနေတဲ့ အောင်လအန်ဆန်းကတော့ လက်ရှိမှာ ခါးပတ်(၂)ခုပိုင်ဆိုင်ထားတာဖြစ်ပြီး ခရာကီက အောင်လအန်ဆန်းရဲ့ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို စိန်ခေါ်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှာ MMA ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တဲ့ ခရာကီကတော့ Desert Force Middleweight ၊ လိုက်ဟဲဗီးဝိတ် နဲ့ ဖီးနစ်မစ်ဒယ်ဝိတ်တန်းတို့ရဲ့ ချန်ပီယံဘွဲ့ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာတော့ ခရာကီက MMA ရဲ့ စူပါဖိုက်တာတစ်ဦးအဖြစ် ထင်ရှားနေပြီး နာမည်ကျော်ကြားနေခဲ့ပါတယ်။

 

"ဒီဘက်နှစ်တွေအတွင်း ထိုးသတ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေက အောင်လနဲ့ ထိုးရမယ့် ပွဲအတွက် တွန်းအားဖြစ်စေခဲ့ပါတယ်၊ ဒီလိုထိုးသတ်ခဲ့တဲ့ ပွဲစဉ်တွေကြောင့်လည်း ပြိုင်ဘက်ကို ထိန်းချုပ်ဖို့အတွက် ပိုပြီးတော့ သိမြင်ခဲ့ရသလို ထင်မှတ်မထားတဲ့ ရလာဒ်တွေ ထွက်ပေါ်လာအောင်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်" လို့ ခရာကီက ပြောပါတယ်။ ခရာကီက မြန်မာပရိသတ်တွေရဲ့ ရှေ့မှာ ထိုးသတ်ရမယ့် ပွဲက သူ့အတွက် နည်းနည်းတော့ အခက်အခဲရှိမယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီပွဲအတွက် ကြိုတင်လေ့ကျင့်မှုတွေကို အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါအထိ သွားရောက် လေ့ကျင့်ထားတယ်လို့လည်း  သူက ပြောခဲ့ပါတယ်။ ဖလော်ရီဒါမှာ သူက MMA ရဲ့ အကောင်းဆုံးလို့ ခေါ်ဆိုရမယ့် ထိပ်တန်းနည်းပြတွေနဲ့ လေ့ကျင့်နေတာလည်း ဖြစ်ပါတယ်။ ခရာကီက တစ်နေ့ကို (၄)နာရီကြာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေတာဖြစ်ပြီး ကမ္ဘာ့နာမည်ကျော် လေ့ကျင့်ခန်းအထောက်အကူပြု ပစ္စည်းတွေကိုပါ အသုံးပြုထားတယ်လို့ သိရပါတယ်။

"ဘယ်တုန်းကမှ ဒီလောက်အထိ ကြိုတင်ပြီး မပြင်ဆင်ဖူးဘူး၊ နာမည်ကျော်ထိပ်တန်းနည်းပြတွေနဲ့ အတူတူ အလုပ်လုပ်အပြီးမှာ ကျွန်တော့်ကိုယ်ကျွန်တော် ပိုမိုယုံကြည်လာပြီး အရင်ကထက်ပိုကောင်းလာပါတယ်၊ အောင်လအန်ဆန်း ထိုးသတ်ခဲ့တဲ့ ပွဲတွေအားလုးကို ကျွန်တော် ကြည့်ရှုပြီးပါပြီ၊ သူ့ထိုးသတ်ပုံနဲ့ နည်းစနစ်တွေကို တတ်နိုင်သမျှ သေချာသိချင်မိတယ်၊ ဒီအတွက်လည်း ကျွန်တော် ကြိုးစားနေတာပါ၊ ကြိုးဝိုင်းထဲကို ရောက်ပြီဆိုတာနဲ့ ကျွန်တော့်ရဲ့ အားသာချက်တွေကို အသုံးပြုပြီး သူ့ရဲ့ အားနည်းတဲ့အပိုင်းကို တိုက်ခိုက်နိုင်ဖို့ လျှင်လျှင်မြန်မြန် ကြိုးစားသွားမှာပါ" လို့ ခရာကီက အောင်လနဲ့ပွဲအတွက် သူ့ရဲ့ ယုံကြည်မှု နဲ့ ပြင်ဆင်ထားမှုတွေကို ဖွင့်ဟခဲ့ပါတယ်။

 

အိမ်ရှင်ပရိသတ်တွေရဲ့ အရှေ့မှာ ထိုးသတ်ရမှာမို့ ဖိအားတွေ များနေပေမယ့်လည်း ခရာကီက သူ ခေါင်းအေးအေးနဲ့ပဲ ရှိနေမှာပါလို့ ဆိုပါတယ်။ ဒီပွဲမှာ သူက အောင်လကို အနိုင်ယူဖို့ မလွယ်ဘူးလို့ ထင်မြင်နေကြတဲ့အနေအထားကိုလည်း ခရာကီက သဘောကျနေတယ်လို့ သိရပါတယ်။ သူ့အတွက် ဒီလိုအခြေအနေတွေက ရှေ့ကပွဲတွေမှာလည်း ကြုံတွေ့ခဲ့ဖူးတာမို့ အသစ်အဆန်းမဟုတ်တောဘူးလို့လည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။

 

"အိမ်ရှင်ပရိသတ်တွေရဲ့ ရှေ့မှာ ထိုးသတ်ရတဲ့ ဖိအားဒဏ်တွေ၊ အခြေအနေတွေကို ကြုံတွေ့ဖူးသားပါ၊ အရင်ထိုးသတ်ခဲ့တဲ့ ပွဲတွေမှာလည်း လူတိုင်းက ကျွန်တော့်ကို မင်းတော့ ဒီပွဲကို အနိုင်ရဖို့ မလွယ်ကူဘူးလို့ ခန့်မှန်းသုံးသပ်ခဲ့ကြတာပါပဲ၊ ဒါပေမယ့့် နောက်ဆုံးမှာ သူတို့ရဲ့ ပြောဆိုမှုတွေ မှားယွင်းခဲ့တယ်လို့ ကျွန်တော် လုပ်ပြနိုင်ခဲ့ပါတယ်၊ အရှုံးဆိုတာကို ကျွန်တော် လက်မခံပါဘူး၊ ဒါကြောင့် ဒီပွဲအတွက် ကောင်းသထက်ကောင်းအောင်၊ ပြည့်စုံသထက် ပြည့်စုံအောင်နဲ့ အဆင်သင့်ဖြစ်နေဖို့ ကျွန်တော် ပြင်ဆင်နေပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။

 

အောင်လအန်ဆန်း နဲ့ ခရာကီတို့ရဲ့ မစ်ဒယ်ဝိတ်တန်းခါးပတ်လုပွဲကြီးကိုတော့ အောက်တိုဘာလ (ဒီလ) ၂၆ရက်နေ့မှာ၊ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံအတွင်းမှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ အောင်လကတော့ မြန်မာပြည်မှာ လာရောက်ထိုးသတ်ခဲ့တဲ့ ပွဲတိုင်းမှာ ပြိုင်ဘက်တွေကို အနိုင်ယူထားနိုင်ခဲ့ပြီး ရှုံးပွဲမရှိ စံချိန်တင်ထားတာကြောင့် ဒီပွဲမှာလည်း အောင်လအန်ဆန်ကပဲ ထပ်ပြီး အနိုင်ယူသွားမလား၊ စိန်ခေါ်သူ ခရာကီကပဲ အောင်လကို အနိုင်ယူသွားမလားဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က