ဒီဇင်ဘာလ (၃၁)ရက်နေ့မှာ ထိုးသတ်မှာပါ။

လက်ဝှေ့လောကကနေ အနားယူထားတဲ့ လက်ဝှေ့အကျော်အမော် မေဝယ်သာဟာ ဒီနေ့မှာပဲ အံ့အားသင့်ဖွယ် ကြေငြာမှုတစ်ခုကို ပြုလုပ်လိုက်ပါတယ်။ လာမယ့် ဒီဇင်ဘာလ (၃၁)ရက်နေ့မှာ မေဝယ်သာဟာ အသက် (၂၀)သာ ရှိသေးတဲ့ ဂျပန်နိုင်ငံသား ကစ်ဘောင်ဆင်သမားနဲ့ ဂျပန်မှာ ထိုးသတ်သွားမယ်လို့ တရားဝင်အတည်ပြုလိုက်တာ ဖြစ်ပါတယ်။



 

နှစ်သစ်ကူးညမှာ ကျင်းပမယ့် ပွဲမှာ ထိုးသတ်သွားမှာဖြစ်ပြီး မေဝယ်သာနဲ့ ထိုးသတ်မယ့် နာဆူကာဝါဟာ ကစားသမားဘဝမှာ ရှုံးပွဲမရှိသေးပဲ ကစ်ဘောက်ဆင်ပြိုင်ပွဲမှာ (၂၇)ပွဲ အနိုင်ရထားပြီး MMA ပွဲတွေမှာလည်း (၄)ပွဲ အနိုင်ရထားတယ်လို့ သိရပါတယ်။ ဒါဟာ အသက် (၂၀)အရွယ် နာဆူကာဝါရဲ့ ကစားသမားဘဝမှတ်တမ်းဖြစ်ပါတယ်။

 

အသက် (၄၂) အရွယ် မေဝယ်သာကလည်း ပွဲပေါင်း (၅၀) ထိုးသတ်ခဲ့ရာမှာ ရှုံးပွဲလုံးဝမရှိခဲ့ပဲ ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲအဖြစ် UFC အကျော်အမော် ကွန်နာမက်ဂရီဂေါ်ကို မေဝယ်သာက (၁၀)ချီမှာ အလဲထိုးအနိုင်ရခဲ့ပြီးတော့ ကစားသမားဘ၀ နောက်ဆုံးပွဲကို အနိုင်နဲ့ ဇာတ်သိမ်းထားတာ ဖြစ်ပါတယ်။

"မတူခြားနားတာတွေလုပ်ချင်တာပါ၊ ကျွန်တော့်ရဲ့ အရည်အသွေးကို အမေရိကန်ပြင်ပမှာ ပြသချင်ပြီး ထူးခြားတဲ့ ထိုးသတ်ပွဲတစ်ခု ထိုးသတ်ချင်ခဲ့တာပါ၊ ဒီအတွက် ကျွန်တော့်ရဲ့ အသင်းနဲ့ RIZIN တို့ကို အတူတူ ပူးပေါင်းဖို့ ကျွန်တော်ပြောခဲ့တာပါ" လို့ မေဝယ်သာလ်က ပြောခဲ့ပါတယ်။

 

မေဝယ်သာဟာ နောက်ထပ်ပွဲစဉ်တွေအဖြစ် ဖိလစ်ပိုင်လက်ဝှေ့သမား မန်နီပက်ကွီအိုနဲ့ ထိုးသတ်ဦးမှာဖြစ်ပြီး UFC ပြိုင်ပွဲမှာ မက်ဂရီဂေါ်ကို အနိုင်ရရှိထားတဲ့ ခါဘစ်နဲ့လည်း ထိုးသတ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ တိုကျိုမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ မေဝယ်သာဟာ နာဆူကာဝါနဲ့ ထိုးသတ်ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

 

ဒီပွဲဖြစ်ပေါ်လာအောင် ဂျပန်နိုင်ငံအခြေစိုက် Rizin Fighting Federation က စီစဉ်ခဲ့တာဖြစ်ပြီး ပုံမှန်အားဖြင့် MMA ပွဲတွေကို တင်သွင်းနေတာဖြစ်ပါတယ်။ ခန္ဓာကိုယ်အလေးချိန်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို လာမယ့်အပတ်ထဲမှာ ထုတ်ပြန်ကြေငြာသွားမယ်လို့ သိရပါတယ်။  ဒါကြောင့် လက်ရှိအချိန်ထိ လက်ဝှေ့စည်းမျဉ်းတွေအောက်မှာ ထိုးသတ်မှာလား၊ MMA စည်းမျဉ်းအောက်မှာ ထိုးသတ်မှာလားဆိုတာကိုတော့ မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က