Sports: မမျှော်လင့်ပဲ ပရီးမီးယားလိဂ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် ၆ ခု

၂၀၁၅-၁၆ ဘောလုံးရာသီအတွက် ပရီးမီးယာလိဂ်ဘောလုံးရာသီစတင်တာ အတော်အတန် ခရီးပေါက်ခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ မမျှော်လင့်တဲ့အချိုးကွေ့တွေ၊ အပြောင်းအလဲ အဖြစ်အပျက်တွေ တွေ့မြင်နေရပြီး ပြိုင်ဆိုင်မှု ပိုပြင်းထန်လာတာ ယုံမှားသံသယရှိစရာမလိုပါဘူး။ မမျှော်လင့်ခဲ့တဲ့ အင်အားနည်းအသင်းငယ်လေးတွေ ရလဒ်ဆက်တိုက် ကောင်းနေတာမျိုး မြင်ရပြီး အသင်းကြီးအချို့လည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်သေးတာမျိုး တွေ့နေရပါတယ်။ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ လုံးဝမမျှော်လင့်ခဲ့တဲ့ အဖြစ်အပျက်မျိုးတွေ ထင်ထင်ရှားရှားဖြစ်ခဲ့မျိုးတွှေရှိပါတယ်။ အဲဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ လက်ရှိချန်ပီယံ ရှုံးပွဲဆက်နေခြင်း

ဒီနှစ်ဘောလုံးရာသီမှာ ချဲလ်ဆီးဟာ အံ့အားသင့်အစရာအကောင်းဆုံး အသင်းဖြစ်နေပါတယ်။ မနှစ်က လိဂ်ပြိုင်ပွဲတစ်လျှောက် သုံးပွဲပဲ ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးဟာ ဒီနှစ်မှာတော့ ပွဲစဉ် ၈ ပွဲအပြီးမှာတင် ရှုံးပွဲက လေးပွဲဖြစ်နေပါပြီ။ နိုင်ပွဲ ၂ ပွဲသာရထားသေးတဲ့ လက်ရှိချန်ပီယံရဲ့ အဖြစ်ဟာ ပွဲစဉ် ၈ အပြီး အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေရပါတယ်။ ၃၇ နှစ်အတွင်းချဲလ်ဆီးအတွက်အဆိုးရွားဆုံး ရာသီအဖွင့်ဖြစ်ခဲ့သလို ပရီးမီးယားလိဂ် စတင်ပြီးချိန် နောက်ပိုင်းမှာလည်း ဒီရာသီက ချဲလ်ဆီးအတွက် အဆိုးဆုံးမှတ်တမ်း ဝင်သွားပါတယ်။

မနှစ်က အသင်းရဲ့ကြယ်ပွင့်ကစားသမားဖြစ်ခဲ့တဲ့ ဟာဇက်ခြေစွမ်းပြနိုင်တာ၊ တိုက်စစ်မှူးတွေဂိုးမသွင်းနိုင်တဲ့အပြင် ပွဲပယ်ပြဿနာတွေ ရင်ဆိုင်နေရတာ၊ ခံစစ်းက အရင်လိုကောင်းမွန်ခြင်းမရှိတော့တာ စသဖြင့် ချဲလ်ဆီးအသင်းမှာ ယိုပေါက်တွေ ခပ်များများ ဖြစ်နေပါတယ်။ ချယ်လ်ဆီးကတော့ ဒီနှစ်မှာ ပရိသတ်တွေကို မထင်မှတ်ထားတာ လုပ်ပြလိုက်တဲ့ အသင်းအဖြစ် နံပတ် ၁ နေရာက ရှိနေပါတော့တယ်။

၂။ အာဆင်နယ် ၃-၀ မန်ချက်စတာယူနိုက်တက်

 

ဒီပွဲရဲ့ ရလဒ်ကလည်း ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့အထဲမှာ ထိပ်ဆုံးက ပါဝင်ထားပါတယ်။ မိနစ် ၂၀ အတွင်း သုံးဂိုးသွင်းယူခဲ့တဲ့ အာဆင်နယ်ရဲ့ တိုက်စစ်အောက်မှာ မန်ယူအသင်း အသက်မဲ့ခဲ့ရပါတယ်။ အထူးသဖြင့် မန်ယူအသင်း နိုင်ပွဲပြန်ဆက်ပြီး အမှတ်ပေးဇယား နံပတ် ၁ ကိုရောက်လာချိန်မှာ အာဆင်နယ်က ဒီလိုဂိုးအပြတ်အသတ်၊  ခြေအပြတ်အသတ်နဲ့ အနိုင်ရမယ်လို့ ဘယ်သူမှ မျှော်လင့်ခဲ့မယ်မထင်ပါဘူး။ အထူးသဖြင့် အာဆင်နယ်က မန်ယူအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒီလိုဂိုးအပြတ်အသတ်အနိုင်ရတဲ့ပွဲက မရှိသလောက် ဖြစ်အောင်ရှားပါးခဲ့ပြီး အစဉ်အလာလည်းမရှိခဲ့ပါဘူး။

မန်ယူအသင်းကသာ ပရီးမီးယားလိဂ်မှာ ၆-၁၊ ၈-၂ ဂိုးတွေနဲ့ အနိုင်ရဖူးတဲ့အစဉ်အလာ ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်က မန်ယူကို မိနစ် ၂၀ အတွင်းသုံးဂိုးသွင်းပြီး အနိုင်ယူခဲ့တဲ့ရလာဒ်ကလည်း ပရိသတ်တွေကို လှုပ်ခပ်စေခဲ့တဲ့ အရာဖြစ်ခဲ့ပါတယ်။

၃။ ပီတာဆက်ခ်ျ အသင်းပြောင်းခြင်း

ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင်ဂိုးသမားတစ်ဦးဖြစ်ခဲ့တဲ့ပီတာဆက်ခ်ျတစ်ယောက် အဓိကမြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တာလည်း မထင်မှတ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အသလက်တီကိုအသင်းဆီကို အငှားချထားခဲ့တဲ့ ဂိုးသမားကော့တွစ်ကို ပြန်ခေါ်လိုက်လို့ ပီတာဆက်ခ်ျအတွက် စိန်ခေါ်မှု ဖြစ်ခဲ့ပေမယ့် အာဆင်နယ်ကို ပြောင်းရွှေ့လိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး။ ချဲလ်ဆီးဘက်ကလည်း ပီတာဆက်ခ်ျလိုအတွေ့အကြုံရင့် ဂိုးသမားတစ်ဦးကို အသင်းပြောင်းခိုင်းမယ်ဆိုရင်တောင် အာဆင်နယ်ဆီ ရောင်းချမှမဟုတ်ဘူးလို့ အသင်းပရိသတ်တွေက ထင်ခဲ့ကြပါတယ်။

တကယ်တမ်းမှာတော့ ပီတာဆက်ခ်ျက ချဲလ်ဆီးရဲ့မြို့ခံ အဓိကပြိုင်ဘက် အာဆင်နယ်ထံ ရောက်ရှိသွားခဲ့ပါတယ်။

၎။ မာရှယ်မန်ယူသို့ ရောက်လာခြင်း

အပြောင်းအရွှေ့ကာလအတွင်း ဒီဂီယာကိုဆက်ထိန်းထားဖို့ အလုပ်ရှုပ်နေခဲ့တဲ့ မန်ယူအသင်းဟာ လိုအပ်နေတဲ့ တိုက်စစ်ပြဿနာကိုဖြေရှင်းဖို့ အရည်အသွေးမြင့်တိုက်စစ်မှူးတစ်ဦး ရှာချိန်မရှိခဲ့ပါဘူး။ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာတော့ အန်သိုနီမာရှယ်ကို စတာလင်ပေါင် ၃၆ သန်းနဲ့ မိုနာကိုအသင်းထံက ခေါ်နိုင်ခဲ့ပါတယ်။ အချို့သော ဘောလုံးပရိသတ်တွေအတွက် နာမည်တောင်မှ မကြားဘူးခဲ့တဲ့ အန်သိုနီမာရှယ်လို ၁၉ နှစ်အရွယ်ကစားသမားလေးကို ပေါင် ၃၆ သန်းပေးပြီးခေါ်တာဟာ မန်ယူရူးမိုက်တာပဲလို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဒါပေမယ် စက်တင်ဘာ ၁၂ ရက်နေ့ လီဗာပူးနဲ့ပွဲမှာ လူစားဝင်ပြီး ပထမဆုံးပွဲထွက်ခွင့်ရတဲ့ အန်သိုနီမာရှယ်ဟာ အသင်းအတွက် တတိယမြောက်အနိုင်ဂိုးကို သွင်းပေးနိုင်ခဲ့ပါတယ်။ နောက်တပတ်အကြာ ဆောက်သမ်တန်နဲ့ပွဲမှာလည်း ၂ ဂိုးသွင်းနိုင်ခဲ့ပြီး အစ်ဆွစ်ခ်ျနဲ့ လိဂ်ဖလားပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့ပြန်ပါတယ်။ အသင်းနဲ့ ပထမဆုံး ပွဲဦးထွက် သုံးပွဲမှာ လေးဂိုးသွင်းခဲ့ပြီး ဝေဖန်သံတွေ တိတ်စေခဲ့ပါတယ်။ ဒါပေမယ့် မာရှယ်ရဲ့အပြောင်းအရွှေ့ဟာ ပရိသတ်ကို အံသြစေခဲ့တာ သေချာပါတယ်။

၅။ ဘရန်ဒန်ရော်ဂျာ အထုတ်ခံရခြင်း

မာဆေးဆိုက်ဒါဘီဖြစ်တဲ့  အဲဗာတန်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျအပြီးမှာ လီဗာပူးနည်းပြ ဘရန်ဒန်ရော်ဂျာ အထုတ်ခံလိုက်ရပါတယ်။ ပရီမီးယားလိဂ် ရာသီသစ်မှာ ပထမဆုံးအထုတ်ခံရတဲ့နည်းပြလည်းဖြစ်လာပါတယ်။ ရော်ဂျာဟာ လီဗာပူးကို  ၂၀၁၃-၁၄ ဘောလုံးရာသီမှာ အမှတ်ပေးချန်ပီယံဆုနဲ့ နီးကပ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ရာသီကုန်ခါနီး ရောက်မှသာ ချယ်လ်ဆီးထံမှာ ခြေချော်ခဲ့လို့ မန်စီးတီးချန်ပီယံ ဖြစ်သွားတာပါ။

ဒါပေမယ့် နောက်ပိုင်းတွေမှာ တိုးတက်မှုနှေးကွေးနေတဲ့ လီဗာပူးရဲ့ အခြေအနေကြောင့် နည်းပြရော်ဂျာအထုတ်ခံခဲ့ ရတာဖြစ်ပါတယ်။ အဲဗာတန်ကိုသရေကျလို့ အထုတ်ခံခဲ့ရတာ မဟုတ်ပဲ ရော်ဂျာကိုထုတ်ပယ်ဖို့ ဒီပွဲမတိုင်ခက်ကတည်းက အသင်းဘုတ်အဖွဲ့က ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သတင်းတွေကျယ်ကျယ်ပြန့်ပြန့် မထွက်သေးခင်မှာ လီဗာပူးက ရော်ဂျာကို ထုတ်လိုက်တဲ့အဖြစ်ကလည်း ပရိသတ်တွေအတွက် အံသြစရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

၆။ အသင်းငယ်အချို့ ခြေစွမ်းတောက်ပနေခြင်း

တန်းတက်လာတာ တစ်နှစ်ပဲရှိသေးတဲ့ လက်စတာစီးတီးအသင်းက ဒုတိယမြောက်ရာသီမှာ ခြေစွမ်းပြပြီး အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရှိနေတာပါ။ လက်စတာလိုပဲ အရင်နှစ်က တန်းဆင်းဇုန်းကလွတ်အောင် မနည်ရုန်းကန်ခဲ့ရတဲ့ ခရစ္စတယ်ပဲလေ့စ်ကလည်း ပွဲစဉ် ကစားပြီးချိန် အမှတ်ပေးဇယား အဆင့်-၄ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။ တန်းဆင်းဇုန်ကလွတ်ဖို့ အာရုံစိုက်ပြီးကစားခဲ့ရတဲ့ အသင်းနှစ်သင်းဟာ ရာသီသစ်မှာ ခြေစွမ်းပြပြီး ထိပ်ပိုင်းရောက်တောကလည်း ထူးခြားတဲ့အချက်ဖြစ်ပါတယ်။ မန်ယူ၊ ချယ်လ်ဆီး၊ လီဗာပူး စတဲ့အသင်းတွေက နိုင်ပွဲရဖို့ ရုန်းကန်နေရချိန်မှာ လက်စတာနဲ့ ခရစ္စတယ်ပဲလေ့စ်က နိုင်ပွဲတွေ ပုံမှန်ရယူနိုင်လျက်ရှိပါတယ်။

အသင်းကြီးတွေအားလုံး နိုင်ပွဲရဖို့ အရင်လိုမလွယ်ကူချိန်မှာ လက်စတာနဲ့ ခရစ္စတယ်ပဲလေ့စ် ကရလာဒ်တွေကောင်းနေတာကလည်း ပရိသတ်ကို အံ့အားသင့်ထားစေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ