Sports: မြန်မာနေရှင်နယ်လိဂ်မှာ အအောင်မြင်ဆုံး ရန်ကုန်ယူနိုက်တက်အသင်း

ကြေးစားဘောလုံးလောကအဖြစ် မြန်မာ့ဘောလုံးလောကကို ပြောင်းလဲပြီးတဲ့နောက်ပိုင်း မြန်မာနေရှင်နယ်လိဂ်မှာ အအောင်မြင်ဆုံး ဖြစ်နေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ အောင်မြင်မှုတွေကိုခြေရာခံကြည့်ထားပါတယ်။

မြန်မာ့ဘောလုံးလောကကို ၂၀၀၉ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်ဘောလုံးလောကအဖြစ် အသွင်ကူးပြောင်းလိုက် ပြီးတဲ့နောက်ပိုင်း အဆင့်အမြင့်ဆုံး အမှတ်ပေးဖလားပြိုင်ပွဲမှာ အောင်မြင်မှုအရဆုံးအသင်းက ရန်ကုန်ယူနိုက်တက် ဖြစ်လာပါတယ်။ မြန်မာနေရှင်နယ်လိဂ်လို့ခေါ်တဲ့ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲ စတင်ကျင်းပရာ ပထမဆုံး ၂ နှစ်ဆက်တိုက် ရတနာပုံအသင်းက ချန်ပီယံဖြစ်ခဲ့ပေမယ့် ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ သုံးနှစ်ဆက်တိုက် အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပြီးနောက် မြန်မာနေရှင်လိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် မနှစ်ကကျင်းပခဲ့တဲ့ ၂၀၁၄ အမှတ်ပေးပြိုင်ပွဲမှာ ရတနာပုံအသင်းထံကို အမှတ်ပေးချန်ပီယံဆု ပြန်လည်လွှဲ ပြောင်းပေးခဲ့ရတာကြောင့် ဖလားသုံးကြိမ်ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ချင်း ထပ်တူညီသွားပါတယ်။

play

 

ဒီနှစ်မှာတော့ အမှတ်ပေးချန်ပီယံဖြစ်ဖို့ ရာနှုန်းပြည့်နီးပါး သေချာနေပြီဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်ဟာ လိဂ်မှာ အောင်မြင်မှုအရဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်လည်ရယူဖို့ နီးစပ်နေပြန်ပါပြီ။

ပရော်ဖက်ရှင်နယ်သမိုင်းတစ်လျှောက် ရန်ကုန်ယူနိုက်တက်ရဲ့ အောင်မြင်မှုခရီးလမ်းကို ကြည့်ရင် အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။

၂၀၀၉-၁၀ ဘောလုံးရာသီ

အမှတ်ပေးပြိုင်ပွဲစစ်မဖြစ်သေးတဲ့ ပထမဆုံး ၂၀၀၉ ခုနှစ်မှာ ရန်ကုန်က အသင်းအားလုံးနဲ့ အမှတ်ပေးစနစ် ကစားပြီး ဗိုလ်လုပွဲတက်ပါတယ်။ ဗိုလ်လုပွဲမှာ ရတနာပုံကိုရှုံးပြီး ဒုတိယသာဖြစ်ခဲ့ပါတယ်။  

၂၀၁၀ ဘောလုံးရာသီ

၂၀၁၀ ခုနှစ်အမှတ်ပေးပြိုင်ပွဲမှာတော့ ဗိုလ်လုပွဲဆိုတာ ထည့်သွင်းကျင်းပခြင်းမရှိတော့ပါဘူး။ အဲဒီပြိုင်ပွဲရာသီ အကုန်မှာလည်း ရန်ကုန်ယူနိုက်တက်က ရတနာပုံ၊ ဇေယျရွှေမြေတို့ရဲ့အောက် အဆင့် ၃ နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

၂၀၁၁ ဘောလုံးရာသီ

play
 

၂၀၁၁ ဘောလုံးရာသီကစပြီး ရန်ကုန်ယူနိုက်တက်ရဲ့ အောင်မြင်မှုတွေစတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဘောလုံးအဖွဲ့ချုပ်ရဲ့ ရှုံးထွက်ဖလားချန်ပီယံလည်း ဖြစ်ခဲ့ပါသေးတယ်။

၂၀၁၂ ဘောလုံးရာသီ

play

 

၂၀၁၂ ဘောလုံးရာသီမှာ လည်း ရန်ကုန်ယူနိုက်တက်က ဒုတိယအကြိမ်မြောက် အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်မှာတော့ ရှုံးထွက်ဖလားမှာ ဆီမးဖိုင်နယ်အဆင့်ကိုသာ တက်ရောက်နိုင်ခဲ့ပါတယ်။

၂၀၁၃ ဘောလုံးရာသီ

၂၀၁၃ ပြိုင်ပွဲမှာလည်း ရန်ကုန်ယူနိုက်တက်သာ ဗိုလ်စွဲခဲ့ပြီးတဲ့နောက် မြန်မာနေရှင်နယ်လိဂ်မှာ သုံးနှစ်ဆက် တိုက်ဗိုလ်စွဲတဲ့ အသင်းဖြစ်လာခဲ့ပါတယ်။

AFC Cup

play
 

၂၀၁၁ မှာ ပြည်တွင်းအမှတ်ပေးချန်ပီယံ စဖြစ်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်ဟာ ၂၀၁၂ မှာပထမဆုံး AFC Cup ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပါတယ်။ ၂၀၁၂၊ ၁၃၊ ၁၄ သုံးနှစ်ဆက်တိုက် AFC Cup ကိုဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး အမြင့်ဆုံးတက်ရောက်နိုင်ခဲ့တာ ၁၆ သင်းရှုံးထွက်အဆင့်သာ ဖြစ်ပါတယ်။

ဂိုးသွင်းဘုရင်တိုက်စစ်မှူးဆီဇာ

play

 

ရန်ကုန်ယူနိုက်တက်ရဲ့ အောင်မြင်မှုရတဲ့နောက်ပိုင်းနှစ်တွေအကြောင်းပြောမယ်ဆိုရင် အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ တိုက်စစ်မှူးဆီဇာအကြောင်းလည်း ထည့်ပြောရမှာ ဖြစ်ပါတယ်။ Foreign တိုက်စစ်မှူးဆီဇာဟာ လက်ရှိ ၂၀၁၅ မှာလည်း  ထိပ်သီးဂိုးသွင်းရှင်တစ်ဦးအဖြစ်ရှိနေဆဲဖြစ်ပြီး ဒုတိယအကျော့ ကမ္ဘောဇအသင်းကို နိုင်ခဲ့တဲ့ပွဲစဉ်မှာ သူ့အတွက် ရန်ကုန်ယူနိုက်တက်ကစားသမားဘဝ ဂိုး ၁၀၀ မြောက်သွင်းဂိုးကို သွင်းနိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ သုံးရာသီဆက်တိုက် မြန်မာနေရှင်လိဂ်ရဲ့ ဂိုးသွင်းဘုရင်ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

play

 

အခြားလိဂ်ပြိုင်ပွဲတွေနဲ့နှိုင်းယှဉ်ရင် သက်တမ်းနုနေသေးတဲ့ မြန်မာနေရှင်လိဂ်အောင်မြင်မှု အရဆုံးအသင်း ရန်ကုန်ယူနိုက်တက်အကြောင်း အကျဉ်းချုပ်က ဒီလောက်ပဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ