Sports: ဘောလုံးလောကရဲ့ စံချိန်တင်ကစားသမား (၃) ဦး

အားကစားလောကရဲ့ ဘုရင်လို့ အမည်တွင်တဲ့ ဘောလုံးအားကစားဟာ ၊ လူသိအများဆုံး အားကစားနည်းဖြစ်ပါတယ်။ လူကြိုက်အများဆုံး ဘောလုံးလောကရဲ့ အထူးခြားဆုံး စံချိန်တစ်ချို့ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

၁။ ပြောင်းရွှေ့ကြေးအများဆုံး ကစားသမား

play

အသင်းတစ်သင်းကနေ နောက်တစ်သင်းကို ပြောင်းရွှေ့ဖို့ဆိုတာ ကစားသမားတစ်ယောက်ရဲ့ ဆန္ဒတစ်ခုတည်းနဲ့ မပြီးပါဘူး။ လက်ရှိအသင်းနဲ့ ခေါ်ယူလိုတဲ့အသင်းရဲ့ ကြားထဲက သဘောတူညီချက်တွေထဲမှာ ပြောင်းရွှေ့ကြေးက ထိပ်ဆုံးက ပါဝင်ပါတယ်။ ဘောလုံးလောကမှာ ပြောင်းရွှေ့ကြေး အများဆုံး ပေးခဲ့ရတဲ့ ကစားသမားကတော့ ဝေးလ်နိုင်ငံသား ဂါရတ်ဘေးလ်ပဲ ဖြစ်ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ် အပြောင်းအရွှေ့ကာလမှာ တော့တင်ဟမ် ဟော့စပါးကနေ ရီးရဲလ်မက်ဒရစ်အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဘေးလ်ဟာ ရီးရဲလ်အသင်းမှာ ကျောနံပတ် ၁၁ ကို ဝတ်ဆင်ပြီး တောင်ပံကစားသမားအဖြစ် ကစားနေပါတယ်။

၂။ တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်းသူ

play

လီယွန်နယ်မက်ဆီလို့ ပြောလိုက်တာနဲ့ သွက်လက်ပြီး မှော်ဝင်တဲ့ကစားဟန်တွေနဲ့ အဲ့ဒီအာဂျင်တီးနား ကစားသမားကို ချက်ခြင်းမြင်ယောင်မိမှာပါ။ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်ကစားသမား မက်ဆီဟာ တစ်နှစ်အတွင်း ၉၁ ဂိုး သွင်းယူနိုင်ခဲ့တဲ့ စံချိန်ကို ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်က ဆီဗီလာအသင်းနဲ့ ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ မက်ဆီက ဟက်ထရစ် (သုံးဂိုး) သွင်းယူပြီးတဲ့နောက် တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်းတဲ့ ကစားသမားအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့တာပါ။

၃။ ဟက်ထရစ်အများဆုံးနဲ့ ကစားသမားဘဝ သွင်းဂိုးအများဆုံး

play

 

ဘောလုံးလောကအကြောင်း ပြောမယ်ဆိုရင် ပီလီကို မေ့ထားလို့ မရပါဘူး။ ပီလီဟာ ၁၉၅၃ ခုနှစ်မှ  ၁၉၇၁ ခုနှစ်အထိ ၁၈ နှစ်တာ ကစားသမားဘဝမှာ ဟက်ထရစ်သွင်းဂိုး ၉၂ ကြိမ်တိတိ ရယူနိုင်ခဲ့ပါတယ်။ ဟက်ထရစ်ဆိုတာ ကစားပွဲ တစ်ပွဲတည်းမှာ သုံးဂိုးသွင်းယူနိုင်တာကို ခေါ်ဆိုတာပါ။ ပရော်ဖက်ရှင်နယ်ကစားသမားသက်တမ်းမှာ  စုစုပေါင်း သွင်းဂိုး ၁,၂၇၉ ဂိုးတိတိ သွင်းယူနိုင်ခဲ့တာ ယနေ့ချိန်ထိတိုင်အောင် ပီလီတစ်ဦးတည်းပဲ ရှိပါသေးတယ်။ ဘောလုံးလောကသမိုင်းမှာ  စံချိန်ကောင်းတွေ အများကြီး ရထားခဲ့သလို ခုချိန်ထိ ဘောလုံးလောကအပေါ် သံယောဇဉ်ကြီးတဲ့ ပီလီဟာ လူမှုရေးလုပ်ငန်းတွေနဲ့ ဘောလုံးလောကတိုးတက်ရေးအတွက် လုပ်ဆောင်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ