Sports: အာဆင်နယ် ချန်ပီယံလိဂ် အုပ်စုတက်ဖို့ မျှော်လင့်နိုင်ပြီ

နောက်ဆုံးပွဲမှာ ဂရိကလပ် အိုလံပီယာကို့စ်ကို ၂-၀ ဂိုးနဲ့ နိုင်မယ်ဆိုရင် အာဆင်နယ်က နောက်တဆင့် တက်မှာပါ။

play

 

ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်ကို အာဆင်နယ်က အိမ်ကွင်းမှာ ၃-၀ ဂိုးနဲ့ အလွယ်တကူ အနိုင်ရခဲ့တာ ကြောင့် ချန်ပီယံလိဂ် အုပ်စုတက်ဖို့ မျှော်လင့်ချက်ရှိသွားပြန်ပါပြီ။ တစ်အုပ်စုတည်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ အိုလံပီယာကို့စ် ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြန်တာကြောင့် အာဆင်နယ်အတွက် အုပ်စုတက်ဖို့ မျှော်လင့်ချက် ပိုပြီးရှိလာတာ ဖြစ်ပါတယ်။

play

ဆန်းချက်ဇ်ရဲ့ တတိယဂိုး

အာဆင်နယ်အသင်းအတွက် အထူးခြေစွမ်းပြခဲ့သူက ဆန်းချက်ဇ်ဖြစ်ပြီး ကိုယ်တိုင်နှစ်ဂိုးသွင်းကာ အိုဇေးသွင်းဖို့ တစ်ဂိုးကိုလည်း ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေများနေပေမယ့် အာဆင်နယ်ကွင်းလယ်ကို အိုဇေး၊ ဆန်းချက်ဇ်နဲ့ ကမ်းဘဲလ်တို့ အကောင်းဆုံး ထိန်းချုပ်သွားနိုင်ပါတယ်။ ကာဇိုလာနဲ့ ဖလာမီနီကတော့ ဒီကနေ့ပွဲမှာ ကွင်းလယ်ကို ပံ့ပိုးသူတွေအဖြစ် ကစားကွက်ကိုပုံဖော်ခဲ့ကြတာပါ။  ၂၉ မိနစ်မှာ အသင်းအတွက် အဖွင့်ဂိုးကို ဆန်းချက်ဇ်ရဲ့ ပေးပို့မှုကတဆင့် အိုဇေးက ခေါင်းတိုက်ပြီး ရယူခဲ့တာပါ။

play

အိုဇေးရဲ့ အဖွင့်ဂိုး

နောက်ထပ်သုံးမိနစ်အကြာမှာ နောက်ခံလူတွေရဲ့ အမှားကတဆင့် ရလာတဲ့ဘောလုံးကို ဆန်းချက်ဇ်က ဒုတိယ ဂိုးအဖြစ် ပြောင်းလဲခဲ့တာပါ။ ဒုတိယပိုင်းပြန်စပြီးတဲ့နောက် ၆၉ မိနစ်မှာ ဆန်းချက်ဇ်ပဲ တတိယဂိုးကို ဂိုးသမားကိုပါ လိမ်ခေါက်သွင်းယူခဲ့လို့ အသင်းအတွက် အနိုင်သေချာသွားပါတယ်။

play

 

အာဆင်နယ်က ၆ မှတ်ရသွားပြီဖြစ်ပြီး လက်ရှိ ၉ မှတ်ရထားတဲ့ အိုလံပီယာကို့စ်ကို လက်ကျန်နောက်ဆုံးပွဲမှာ ၂-၀ ဂိုးနဲ့ နိုင်ခဲ့မယ်ဆိုရင် နောက်တဆင့်ကို ကျိမ်းသေတက်ရောက်တော့မှာပါ။

www.uefa.com

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ