Sports: အိမ်ကွင်းမှာ သိက္ခာမဆယ်နိုင်ခဲ့တဲ့ မန်ယူ

, updated

တစ်ဖက်မှာ စပါးအသင်းက အနိုင်ရသွားတဲ့အတွက် မန်ယူက အဆင့်-၅ နေရာကို ဆင်းသွားပါပြီ။

play

 

နောက်ဆုံးငါးပွဲဆက် နိုင်ပွဲပျောက်ထားခဲ့တဲ့အတွက် ဒီကနေ့ နောဝှစ်နဲ့ပွဲမှာ မန်ယူ ရလဒ်ကောင်းနိုင်တယ်လို့ ခန့်မှန်းခဲ့ကြ ပေမဲ့လည်း တကယ်တမ်းမှာတော့ နိုင်ပွဲထပ်ပျောက်ခဲ့ပြန်ပါတယ်။ အသင်းခေါင်းဆောင်ရွန်နေး ပြန်ပါလာပြီး မာရှယ်၊ မာတာ၊ ဒီပေး၊ဖယ်လိုင်နီ၊ စမောလင်း စတဲ့ ကစားသမားတွေ မန်ယူဘက်က ပွဲထွက်ခဲ့ပါတယ်။

ပထမပိုင်းမှာ မန်ယူအသင်းရဲ့ ကစားပုံက အပျံစားပါ။ နောဝှစ်ကိုမနားတမ်း တိုက်စစ်ဆင်ခဲ့ပြီး ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အက်ရှလေယန်းက ညာနောက်ခံနေရာမှာ ပွဲထွက်ခံပေမဲ့ တိုက်စစ်ကို အကောင်းဆုံး လိုက်ပါ ပံ့ပိုးပေးနိုင်ခဲ့သူပါ။ ပထမပိုင်းပွဲချိန် အစောပိုင်းမှာ အက်ရှ်လေယန်း၊ မာတာနဲ့ ဒီပေးတို့ကြောင့် နောဝှစ်ခ်ျနောက်ခံ လူတွေဖြစ်တဲ့ အော်လ်ဆွန်နဲ့ ဘရက်ဒီတို့ အတော်လေး ဖိအားများနေခဲ့ တာတွေ့ရပါတယ်။

play

 

ဒါပေမဲ့လည်း ဘာမဆို ဖြစ်တတ်တဲ့ဘောလုံးပွဲရဲ့ ထုံးစံအတိုင်း တန်ပြန်တိုက်စစ်နဲ့ ကစားနေတဲ့ နောဝှစ်ခ်ျက ဂိုးအရင် ရသွားတာပါ။ ၃၄ မိနစ်မှာ နောဝှစ်ခ်ျတိုက်စစ်မှူး ဂျရယ်မီးက စမောလင်း တားဆီးနေတဲ့ ကြားထဲက ကန်သွင်းယူသွားတာပါ။

ဒုတိယပိုင်း ပြန်စတော့လည်း နောဝှစ်ခ်ျက တန်ပြန်တိုက်စစ်ကနေ ဂိုးရသွားပြန်ပါတယ်။ ၅၄ မိနစ်မှာ တန်ပြန်တိုက်စစ်ဆင်ခွင့် ရသွားတဲ့ နောဝှစ်ခ်ျတိုက်စစ်မှူး ဂျရယ်မီးက တက်တေးရဲ့ ပြေးလမ်းကြောင်းထဲကို ထိုးပေးလိုက်ပါတယ်။ တက်တေးက ဘောလုံးကို တစ်ချက်နှစ်ချက်ထိန်းပြီး ကိုက်နှစ်ဆယ် အကွာမှ လှမ်းကန်လိုက်တာ ဂိုးသမား ဒီဂီယာ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

၆၆ မိနစ်မှာတော့ မန်ယူအတွက် နှစ်သိမ့် ချေပဂိုး ပြန်ရသွားပါတယ်။ အက်ရှ်လေယန်း ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ရွန်းနေးခေါင်းတိုက်တာ ရှပ်ထိသွားပြီး မာရှယ်ဆီ ရောက်သွားပါတယ်။ မာရှယ်က နောက်ခံလူ နှစ်ဦးတားနေတဲ့ ကြားထဲက အနီးကပ် ပိတ်သွင်းယူလိုက်တာပါ။

play

 

၂၀၁၂ ခုနှစ်ကတည်းက နောဝှစ်ခ်ျကို မရှုံးတဲ့မန်ယူ အခုရှုံးပွဲတွေ့သွားပြီ ဖြစ်ပြီး ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲ ဆက်တိုက် နိုင်ပွဲပျောက်သွားတာပါ။ တစ်ဖက်မှာ စပါးက အနိုင်ရသွားတဲ့အတွက် မန်ယူက အဆင့်-၅ နေရာကို ဆင်းသွားပါပြီ။

 

Source : flashscore

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ