Sports: ဆူဇူကီးဖလား အကြိုဗိုလ်လုပွဲ ဒုတိယအကျော့မှာ မြန်မာအသင်း အိမ်ရှင်ထိုင်းအသင်းကို လေးဂိုးပြတ်ရှုံးနိမ့်

နှစ်ပွဲပေါင်းရလဒ် ၆-၀ နဲ့ ရှုံးနိမ့်ခဲ့တာပါ။

play


ဒီနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရာဇမင်္ဂလာအားကစားကွင်းမှာ ကစားခဲ့တဲ့ အာဆီယံဆူဇူကီးဖလား ဒုတိယအကြော့အကြိုဗိုလ်လုပွဲမှာ ထိုင်းအသင်းက မြန်မာအသင်းကို လေးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နှစ်ပွဲပေါင်းရလဒ် ၆-၀ နဲ့ ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။

မြန်မာ့အသင်းအနေနဲ့ ဒီနေ့ပွဲစဉ်မှာ ထိုင်းအသင်းကို သုံးဂိုးပြတ်အနိုင်ရမှပဲ ဗိုလ်လုပွဲတက်ရောက်နိုင်မှာဖြစ်လို့ ပွဲစတာနဲ့ ထိုင်းအသင်းဘက်ကို ဖိအားပေးကစားနိုင်ဖို့ကြိုးစားခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ တိုက်စစ်မှူးကောင်းစည်သူရဲ့နေရာမှာ သန်းပိုင်ကို ပွဲဦးထွက်စာရင်းမှာ ထည့်သွင်းကစားခဲ့တာကလွဲရင် အရင်ပွဲတွေလိုပဲ လူစာရင်းအပြောင်းအလဲမရှိခဲ့ပါဘူး။

play


ပထမပိုင်းမှာ မြန်မာအသင်းနဲ့ ထိုင်းအသင်းက ဘောလုံးပိုင်ဆိုင်မှု ကွာခြားချက်မရှိဘဲ မြန်မာအသင်းရဲ့ အဓိကတိုက်စစ်မှူး အောင်သူကို ထိုင်းနောက်တန်းတွေက အပိုင်လူကပ်ကစားထားသလို ကွင်းလယ်ကလည်း ဂိုးရဖို့ပံ့ပိုးနိုင်မှု အားနည်းခဲ့တာကြောင့် မြန်မာအသင်းဂိုးကန်သွင်းခွင့် အခွင့်အရေးသိပ်မရခဲ့ပါဘူး။

ပွဲချိန် ၁၉ မိနစ်မှာ ထိုင်းအသင်းတိုက်စစ်မှူး တီရာစေးရဲ့ခေါင်းတိုက်ချက်ကို မြန်မာဂိုးသမားကျော်ဇင်ဖြိုးကာကွယ်နိုင်ခဲ့လို့ ဦးဆောင်ဂိုးမပေးခဲ့ရတာပါ။ ပထမပိုင်းပွဲချိန်တစ်လျောက်လုံးမှာတော့ ထိုင်းအသင်းကပဲ မြန်မာအသင်းဂိုးပေါက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာ ဘယ်တောင်ပံကနေ ဖြတ်တင်ပေးတဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူပြီး ဦးဆောင်ဂိုးရယူနိုင်ခဲ့ပါတယ်။

play


ပွဲချိန် ၃၇ မိနစ်မှာတော့ မြန်မာအသင်းခေါင်းဆောင် ရန်အောင်ကျော် ဂိုးဧရိယာထိပ်ကနေ အမှတ်မထင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ထိုင်းဂိုးသမားပုတ်ထုတ်ခဲ့လို့ မြန်မာအသင်းနစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းအစမှာတော့ မြန်မာအသင်းက ခြေပဂိုးပြန်ရဖို့ ထိုင်းအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ထိုင်းအသင်းကပဲ ပွဲကိုအသားစီးနဲ့ စိုးမိုးကစားနိုင်ခဲ့တာကိုတွေ့ရပါတယ်။

ပွဲချိန် ၄၇ မိနစ်မှာ မြန်မာတိုက်စစ်မှူးသန်းပိုင် ဆွဲပြေးပြီး အားပါပါနဲ့ အပိုင်ကန်သွင်းခွင့်ရရှိခဲ့ပေမယ့် ဂိုးဘားတန်းထိသွားလို့ မြန်မာအသင်းနစ်နာခဲ့ရပါတယ်။ နောက်ပိုင်းအချိန်တွေမှာတော့ ထိုင်းအသင်းက မြန်မာအသင်းဘက်ကို အချိန်ပြည့် ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာ ပင်နယ်ကနေတဆင့် ဒုတိယဂိုးနဲ့ ပွဲချိန် ၇၅ မိနစ်နဲ့ ၈၂ မိနစ်တွေမှာ အနိုင်ဂိုးတွေ သွင်းယူပေးသွားခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ