Sports: မော်ရင်ဟို ဝေဖန်ခဲ့တဲ့ ရော့စတော့အိမ်ကွင်းကို ရုရှားပရီမီးယားလိဂ်က ကစားခွင့်ပိတ်ပင်

ပေါ်တူဂီမှာ ကလေးတွေမှသာ ရော့စတော့လိုကွင်းမျိုးမှာ ကစားကြတယ်လို့ မော်ရင်ဟိုက ဝေဖန်ခဲ့ပါတယ်။

play


ကွင်းမြက်ခင်းပြင် ညံ့ဖျင်းလွန်းကြောင်း မန်ချက်စတာယူနိုက်တက် နည်းပြမော်ရင်ဟို ဝေဖန်ခဲ့တဲ့ ရုရှားဘောလုံးကလပ် ရော့စတော့ရဲ့ အိမ်ကွင်းကို ရုရှားပရီးမီးယားလိဂ်က ကစားခွင့်ပိတ်လိုက်ကြောင်း သိရပါတယ်။ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပွဲစဉ် ပထမအကျော့အဖြစ် မတ်လ ၁၀ ရက်က ရော့စတော့နဲ့ မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

အဆိုပါပွဲအပြီးမှာ မော်ရင်ဟိုက "အခြေအနေကိုလိုက်ပြီးတော့ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒီထက်ပိုပြီး ကောင်းကောင်းကစားဖို့တော့ မဖြစ်နိုင်ပါဘူး။ ကွင်းရဲ့အခြေအနေက passing ဂိမ်းကစားဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ ပေါ်တူဂီမှာဆိုရင် ကလေးတွေမှ ဒီလိုကွင်းမျိုးကစားကြတာ ကျွန်တော်မှတ်မိသေးတယ်" လို့ ရော့စတော့အသင်းရဲ့ Olimp-2 ဘောလုံးကွင်း မြက်ခင်းပြင် အခြေအနေဆိုးမှုကို ဝေဖန်ခဲ့ပါတယ်။

play


ရုရှားပရီးမီးယားလိဂ်က ရော့စတော့ကို ကွင်းမြက်ခင်းပြင်အား အဆင့်အတန်းမီစေရန် မတ်လ ၂၄ ရက် နောက်ဆုံးထားပြီး ပြင်ဆင်ရန် ညွှန်ကြားထားပါတယ်။ ရောစတော့အိမ်ကွင်းကို ရုရှားပရီးမီးယားလိဂ် တာဝန်ရှိသူတွေက မတ်လ ၂၄ ရက်မှာ စစ်ဆေးသွားမှာဖြစ်ပြီး မတ်လ ၃၁ ရက်မှာ ရော့စတော့နဲ့ ခရန်စ်နိုဒါတို့ အဆိုပါကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။


ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ရော့စတော့ကွင်းကို ယူရိုပါလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရန် အဆင်ပြေကြောင်း ယူဆခဲ့ပေမဲ့ ရုရှားပရီမီးယားလိဂ်ကတော့ ကစားရန်မသင့်ကြောင်း ပြောခဲ့ပါတယ်။ ရော့စတော့ဟာ ယူရိုပါလိဂ် ၁၆ အသင်းအဆင့် ဒုတိယအကျော့အဖြစ် မြန်မာစံတော်ချိန် မတ်လ ၁၇ ရက် မနက် ၂း၃၅ မှာ မန်ယူအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ရုရှားပရီမီးယားလိဂ်က ရော့စတော့အသင်းရဲ့ အိမ်ကွင်းကဲ့သို့ပင် ရူဘင်ကာဇန်ရဲ့ အိမ်ကွင်းကိုလည်း ကစားခွင့်ပိတ်ပင်ထားကြောင်း သိ ရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ