Sports: နောက်ဆုံးပွဲစဉ်မှာ ဝုလ်ဘတ်ကို အနိုင်ယူပြီး တန်ဆင်းဇုန်မှ လွတ်မြောက်ခဲ့တဲ့ ဟမ်းဘတ်

, updated

ဟမ်းဘတ်အတွက် ဘွန်ဒက်စ်လီဂါမှာ ဆက်လက် ကစားခွင့်ရစေခဲ့တဲ့ အနိုင်ဂိုးကို ပွဲကစားချိန် ၈၈ မိနစ်မှာ သွင်းယူခဲ့သွားခဲ့ပါတယ်။

ဟမ်းဘတ် ၂ - ၁ ဝုလ်ဘတ်


ဂျာမန် ဘွန်ဒက်စ်လီဂါ နောက်ဆုံးပွဲစဉ်တွေကို ယနေ့ (မေလ ၂၀ ရက်) ည ၈း၀၀ မှာ တစ်ပြိုင်နက် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ယနေ့ပွဲစဉ်တွေအနက် တန်းဆင်းဇုန်မှာ ရောက်နေခဲ့တဲ့ ဟမ်းဘတ်နဲ့ တန်းဆင်းဇုန်အထက် အဆင့် ၁၅ မှာ ရပ်တည်နေခဲ့တဲ့ ဝုလ်ဘတ်တို့ ပွဲစဉ်ဟာ နှစ်သင်းလုံးအတွက် အလွန်အရေးပါခဲ့ပါတယ်။

ယနေ့ နောက်ဆုံးပွဲစဉ် မကစာမီ အမှတ်ပေးဇယားမှာ ဝုလ်ဘတ်က ရမှတ် ၃၇ မှတ်အဖြင့် တန်းဆင်းဇုန်အထက် အဆင့် ၁၅ နေရမှာ ရပ်တည်နေခဲ့ပြီး ဟမ်းဘတ်ကတော့ ရမှတ် ၃၅ မှတ် အဆင့် ၁၆ ဖြင့် တန်းဆင်းဇုန်ထဲမှာ ရောက်နေခဲ့ပါတယ်။

play


ယနေ့ပွဲစဉ်ဟာ နှစ်သင်းလုံးအတွက် အရေးပါနေတာကြောင့် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့ပြီး အကြိတ်အနယ်ရှိခဲ့ပါတယ်။ ပွဲကစားချိန် ၂၃ မိနစ်မှာ ဝုလ်ဘတ်ကစားသမား ဆီဘက်စတီယန်က ဟမ်းဘတ်ဂိုးဧရိယာအတွင်း ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ရော်ဘင်က ခေါင်းတိုက်သွင်းယူပြီး ဝုလ်ဘတ်တို့ အဖွင့်ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

play


ပွဲကစားချိန် ၃၂ မိနစ်မှာတော့ ဟမ်းဘတ်က ချေပဂိုး ပြန်ရသွားခဲ့ပါတယ်။ ဟမ်းဘတ်ကစားသမား လူးဝစ်ဟို့တ်ဘီက ဝုလ်ဘတ်ဂိုးဧရိယာအတွင်းကို ချပေးလိုက်တဲ့ ဘောလုံးကို ကော့စ်တစ်က ညာဘက်ထောင့်ကို အပိုင်ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းပွဲကစားချိန်မှာ ပြီးဆုံးခါနီးအထိ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်သာ ဖြစ်နေခဲ့ရာက ဟမ်းဘတ်အတွက် ဘွန်ဒက်စ်လီဂါမှာ ဆက်လက် ကစားခွင့်ရကာ အလှည့်အပြောင်း ဖြစ်စေခဲ့တဲ့ အနိုင်ဂိုးကို ပွဲကစားချိန် ၈၈ မိနစ်မှာ ဝေါလ်ရှမစ်က ကော့စ်တစ်ရဲ့ ပေးပို့မှုကနေ သွင်းယူခဲ့သွားခဲ့ပါတယ်။

play


 ဝုလ်ဘတ်ဟာ ယခုပွဲစဉ်မှာ သရေရလဒ် ဖြစ်ခဲ့ပါက ဘွန်ဒက်စ်လီဂါမှာ ဆက်လက် ကစားခွင့်ရမှာဖြစ်ပေမဲ့ ဟမ်းဘတ်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် တန်းဆင်းဇုန်ကို ရောက်ရှိသွားခဲ့ရပါတယ်။ နှစ်သင်းလုံးအတွက် အရေးပါတဲ့ ယနေ့ပွဲစဉ်ကို ပရိသတ် ၅၇,၀၀၀ အထိ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရပါတယ်။

play


ဂျာမန် ဘွန်ဒက်စ်လီဂါ ပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်ရာ ဘိုင်ယန်မြူးနစ်က ချန်ပီယံဖြစ်ခဲ့ပြီး လီပစ်၊ ဒေါ့မွန်တို့နဲ့အတူ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရခဲ့ပါတယ်။ ယနေ့ပွဲစဉ်မှာ ဒေါ့မွန်ကို အကြိတ်အနယ်ကစားပြီး ရှုံးနိမ့်ခဲ့တဲ့ ဟော်ဖန်ဟိမ်းအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ခြေစစ်ပွဲယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ကိုလုံးအသင်းကတော့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့် ရခဲ့ပါတယ်။ ဟာသာဘာလင်က ယူရိုပါလိဂ်ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ယခု ဘောလုံးရာသီ ဘွန်ဒက်စ်လီဂါမှ အင်ဂိုစတက်နဲ့ ဒမ်စတက်အသင်းတို့ တန်းဆင်းသွားရကြောင်း သိရပါတယ်။

ယနေ့ပွဲစဉ်မှာ ဟမ်းဘတ်ကို ရှုံးနိမ့်ခဲ့တဲ့ ဝုလ်ဘတ်အသင်းကတော့ တန်းဆင်းဇုန်မှ လွတ်မြောက်ရေး အဆုံးအဖြတ်အဖြစ် ဘွန်ဒက်စ်လီဂါ ဒုတိယတန်း အမှတ်ပေးဇယားမှ တတိယအဆင့်အသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်း play-off ပွဲစဉ် နှစ်ကျော့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဝုလ်ဘတ်ရဲ့ play-off ပွဲစဉ်ကို မေလ ၂၅ ရက်နဲ့ ၂၉ ရက်တို့မှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ