ခံစစ်အသားပေးပြီး ကစားပုံပြောင်းလဲမယ့်အစား နည်းပြဘဝကနေ အနားယူလိုက်တာ ပိုပြီးကောင်းမယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက မန်ချက်စတာ ဒါဘီပွဲစဉ်မတိုင်မီ ပြောကြားလိုက်ပါတယ်။

ဂွါဒီယိုလာက သူ့ရဲ့အသင်းတွေကို တိုက်စစ်အသားပေး ကစားတဲ့ပုံစံနဲ့သာ ကစားကွက်ဖော်လေ့ရှိသူဖြစ်ပါတယ်။ ဒီကနေ့ည ဂွါဒီယိုလာ ရင်ဆိုင်ရမယ့် နည်းပြ မော်ရင်ဟိုက ခံစစ်အသားပေးနည်းဗျူဟာမှာ ပြောင်မြောက်သူဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ် အသားပေး ကစားပုံသာ အလုပ်မဖြစ်တော့ဘူးဆိုရင် ခံစစ်တော့ ပြောင်းလဲကစားမှာ မဟုတ်ဘူးလို့ ဂွါဒီယိုလာက ပြောလိုက်တာပါ။

play

 

တိုက်စစ်အသားပေး ကစားပုံဟာ ရလဒ်မကောင်းတော့တဲ့ အချိန်ကျရင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းကို ဂွါဒီယိုလာက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “ ဒီကစားပုံ အလုပ်မဖြစ်တော့ဘူးဆိုရင် ကျွန်တော် အနားယူလိုက်တော့ဖို့ပဲ ရှိပါတယ်။ တခြားနည်းလမ်းကို ကျွန်တော်သုံးနိုင်မယ်မထင်ဘူး။ ကျွန်တော့်အသင်းကို ခံစစ်ပိုပြီး ကစားနိုင်အောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် ဘောလုံးကိုင်ပြီး ကစားရတာကိုပဲ ကျွန်တော်လိုချင်တာ” လို့ ဂွါဒီယိုလာက ပြောပါတယ်။

play

 

ဂွါဒီယိုလာဟာ သူ့ရဲ့နည်းပြဆရာဖြစ်ခဲ့တဲ့ ဂျိုဟန်ခရိုက်ဖ်လက်ထက်မှာကတည်းက တိုက်စစ်အသားပေး ကစားပုံနဲ့ ရင်းနှီးခဲ့ပြီး ဘာစီလိုနာ(ဘီ)အသင်းကို စတင်ကိုင်တွယ်ခဲ့ချိန်ကစလို့ ဒီကစားကွက်ကိုသာ အသုံးပြုခဲ့သူ ဖြစ်ပါတယ်။ “ ဘာစီလိုနာကို ကိုင်တွယ်နေခဲ့တဲ့ ကာလမှာလည်း တစ်ခါတစ်လေမှာ တိုက်စစ်ကစားပုံက အလုပ်မဖြစ်ခဲ့တာ ခင်ဗျားတို့ တွေ့မှာပါ။ ဒါဟာ ပြိုင်ဘက်အသင်းက ကိုယ့်ထက်ပိုကောင်းလို့ ဒါမှမဟုတ် ကျွန်တော့်တို့ ကောင်းသင့်သလောက် မကောင်းလို့ ဖြစ်နိုင်ပါတယ်။ ဒါနဲ့ပဲ ကစားပုံပြောင်းရမှာလား။ ဘယ်တော့မှ ကျွန်တော်မလုပ်ခဲ့ပါဘူး” လို့ ဂွါဒီယိုလာက ဆက်ပြောပါတယ်။

အမှတ်ပေးဇယားထိပ်ပိုင်းကို ဦးဆောင်နေကြတဲ့ မန်စီးတီးနဲ့ မန်ယူအသင်းတို့ဟာ ယနေ့ညမှာ မန်ချက်စတာ ဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video