EPL: အီဗရာဟီမိုဗ်ခ်ျရဲ့ အနိုင်ဂိုးနဲ့ မန်ယူအသင်း ကွန်မြူနတီဒိုင်း ချန်ပီယံဖြစ်

နည်းပြမော်ရင်ဟိုအတွက် မန်ယူအသင်းနည်းပြဘဝ ပထမဆုံး အောင်မြင်မှု ဖြစ်ပါတယ်။

 

တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျရဲ့ နောက်ကျသွင်းဂိုးနဲ့ မန်ယူနည်းပြဘဝ ပထမဆုံး အောင်မြင်မှုကို မော်ရင်ဟို ရယူနိုင်ခဲ့ပါတယ်။

ကစားသမားသစ်တွေဖြစ်တဲ့ နောက်ခံလူအဲရစ်ဘေလီ၊ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျတို့ကို မန်ယူအသင်း ပွဲထုတ်ခဲ့ပြီး ရွန်နေး၊ မာရှယ်၊ ဖယ်လိုင်နီ၊ လင်ဂတ် အစရှိတဲ့ ကစားသမားတွေကို ပွဲထုတ်ခဲ့ပါတယ်။

 

လက်စတာ အသင်းဘက်ကလည်း  အိုကာဇာကီ၊ ဗာဒီ တို့အပြင် အယ်လ်ဘရိုက်တန်၊ မာရက်ဇ် စတဲ့အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ လုခ်ရှောလည်း မန်ယူဘက်က ပွဲထွက်လာပြီး အသင်းကို အကောင်းဆုံး ပံ့ပိုးပေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။  ပွဲစပြီး မိနစ် ၁၂ မိနစ်အကြာမှာ လုခ်ရှောရဲ့ ဖြတ်တင်ဘောက လက်စတာနောက်တန်းကို ကောင်းကောင်းခြိမ်းခြောက်နိုင်ခဲပါတယ်။

 

အဲဒီနောက် လက်စတာအသင်းရဲ့ တိုက်စစ်က မန်ယူအသင်းခံစစ်ပိုင်းကို ကောင်းကောင်းခြိမ်းခြောက်နိုင်ခဲ့ပြီး အိုကာဇာကီနဲ့ ဗာဒီတို့ရဲ့တိုက်စစ်အတွဲက အလုပ်ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာမန်ယူအသင်း မမျှော်လင့်ပဲ အဖွင့်ဂိုး ရရှိသွားပါတယ်။

 

ကွင်းတစ်ဝက်ကျော်ကျော်လောက်မှာ ရလာတဲ့ဘောလုံးကို မန်ယူကစားသမား လင်ဂတ်က လက်စတာအသင်း ကစားသမား လေးဦးလောက်ကို ကျော်ဖြတ်ပြီး ဂိုးသမား ရှမိုက်ကယ်နဲ့ တစ်ယောက်ချင်းအတွေ့ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

 

ဒါပေမယ့် ဒုတိယပိုင်း ပြန်စပြီး ၇ မိနစ်အကြာမှာ လက်စတာအသင်း ဂိုးပြန်ရပါတယ်။ မန်ယူကစားသမား ဖယ်လိုင်နီ လူပေးမှားရာကတဆင့် ဗာဒီက ဘောလုံးဆွဲပြေးပြီး သွင်းယူလိုက်တာ ဖြစ်ပါတယ်။

 

ပွဲချိန် ၆၉ မိနစ်မှာ မန်ယူအသင်းဘက်က မာရှယ်နဲ့ လုခ်ရှောအစား ရိုဟိုနဲ့ ရက်ရှ်ဖို့ ဝင်ရောက်လာပါတယ်။ ပွဲချိန် ၈၂ မိနစ်အရောက်မှာ မန်ယူအသင်းအတွက် အနိုင်ဂိုး ရသွားခဲ့ပါတယ်။ တစ်ပွဲလုံး ဂိုးပေါက်ကန်သွင်းဖို့ အခွင့်အရေး ရှားရှားပါးပါး ဖြစ်ခဲ့တဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျအတွက် ရလာတဲ့ အခွင့်ရေးကတဆင့် သွင်းယူခဲ့တာပါ။

ဗလန်စီယာရဲ့ ဖြတ်တင်ဘောကို တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက ချိန်သားကိုက် ခေါင်းတိုက်လိုက်တာ ဖြစ်ပါတယ်။

 

ပွဲချိန် ၈၈ မိနစ်မှာ လက်စတာဘက်က တိုက်စစ်မှူး အူလိုအာ လူစားဝင်လာပြီး မန်ယူဘက်ကလည်း ရွန်နေးကိုထုတ်ကာ ရှနိုက်ဒါလင်ကို အစားထိုးခဲ့ပါတယ်။

အဲဒီနောက် လက်စတာဘက်က ချေပဂိုး ပြန်မသွင်းနိုင်တော့တဲ့အတွက် မန်ယူကပဲ အနိုင်ရပြီး ကွန်မြူနတီဒိုင်းကို ရရှိခဲ့ပါတယ်။ မော်ရင်ဟိုအတွက် မန်ယူအသင်းနည်းပြဘဝ ပထမဆုံးအောင်မြင်မှုလည်း ဖြစ်ခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ