EPL: ပေါ့ဂ်ဘာကို စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဟု မန်ယူ တရားဝင် ကြေညာ

ပေါ့ဂ်ဘာဟာ ကမ္ဘာ့မှာ ပြောင်းရွှေ့ကြေး ဈေးအကြီးဆုံး ကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။


မန်ချက်စတာာယူနိုက်တက်အသင်းက ဂျူဗင်တပ် ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဂ်ဘာကို ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း ၁၀၀ ဖြင့် ငါးနှစ်သက်တမ်း စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာပါတယ်။ အသက် ၂၃ နှစ်အရွယ် ပေါ့ဂ်ဘာက မန်ယူမှာ နံပါတ် ၆ ဂျာစီကို ဝတ်ဆင်မှာဖြစ်ပြီး တစ်ပတ်လျှင် ပေါင်စတာလင် ၂၉၀,၀၀၀ ရရှိမယ်လို့ သိရပါတယ်။


ပေါ့ဂ်ဘာဟာ ကမ္ဘာ့မှာ ပြောင်းရွှေ့ကြေး ဈေးအကြီးဆုံး ကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ ယခင်က ဈေးအကြီးဆုံးအဖြစ် တော့တင်ဟမ်မှ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဂါရတ်ဘေးလ်က ပေါင်စတာလင် ၈၆ သန်းဖြင့် စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။


ပေါ့ဂ်ဘာဟာ ယခင်က မန်ယူကစားသမား ဖြစ်ခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့် မရတာကြောင့် ၂၀၁၂ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။


မန်ယူနဲ့ပြန်ဆုံရတဲ့အတွက် ဝမ်းသာကြောင်း၊ မန်ယူဟာ နှလုံးသားထဲက အသင်းဖြစ်ကြောင်းနဲ့ မော်ရင်ဟိုနဲ့ လက်တွဲပြီး အလုပ်လုပ်သွားဖို့ စိတ်အားထက်သန်နေကြောင်း ပေါ့ဂ်ဘာက ပြောပါတယ်။


ဂျူဗင်တပ်မှာ ကစားခဲ့ရတဲ့ အချိန်တွေကလည်း အလွန်ကောင်းမွန်တဲ့ အမှတ်တရတွေလို့ ပေါ့ဂ်ဘာက ဆိုပါတယ်။ လက်ရှိအချိန်မှာ အိုးလ်ထရက်ဖို့ဒ်ကို ပြန်လာရမယ့် အချိန်လို့ ခံစားမိကြောင်း ပေါ့ဂ်ဘာက မန်ယူကို ပြန်လည်ရောက်ရှိမှုအပေါ် ဖွင့်ဟပြောကြားပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ