EPL: လက်စတာတိုက်စစ်မှူး ဗာဒီ သုံးပွဲပယ်ခံရ

လက်စတာက ဗာဒီကို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခြင်းအပေါ် မှားယွင်းဆုံးဖြတ်မှုအဖြစ် အရေးဆိုခဲ့ပေမဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပယ်ချခဲ့ပြီး သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

play


ပရီးယားလိဂ်ချန်ပီယံ လက်စတာအသင်းမှ တိုက်စစ်မှူးဗာဒီကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။ ဗာဒီဟာ ယခု ပွဲပယ်ပြစ်ဒဏ်ကြောင့် အဲဗာတန်၊ ဝက်စ်ဟမ်း၊ မစ်ဒယ်ဘရော့တို့နဲ့ ကစားရမယ့်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။

စတုတ်နဲ့ပွဲစဉ်မှာ ဗာဒီ တိုက်ရိုက်အနီပတ် ပြသခံရမှု


ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က စတုတ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၂၈ မိနစ်မှာ ၎င်းထံမှဘောလုံးကို ဂလင်းဂျွန်ဆင်က ဖြတ်ယူသွားခဲ့ရာ ဗာဒီက လိုက်လံဖျက်ထုတ်စဉ် စတုတ်ကွင်းလယ်လူ မမ်မီဒီအော့ဖ်ကို ခြေထောက်စုံပစ်ဝင်ခဲ့တာ ဖြစ်ပါတယ်။ ကစားပုံကြမ်းခဲ့တဲ့ ဗာဒီကို ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ပါတယ်။

play


လက်စတာက ဗာဒီကို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခြင်းအပေါ် မှားယွင်းဆုံးဖြတ်မှုအဖြစ် အရေးဆိုခဲ့ပေမဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပယ်ချခဲ့ပြီး သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဗာဒီ ထုတ်ပယ်ခံရမှုကြောင့် ယခုအခါ လက်စတာအသင်းရဲ့ အဲဗာတန်နဲ့ပွဲစဉ်မှာ အဓိက ကစားသမား ၃ ဦးအထိ ပါဝင်နိုင်ခြင်းမရှိ ဖြစ်လာပါတယ်။

play


လက်စတာ နောက်ခံလူတွေဖြစ်တဲ့ ခရစ္စတီယန်ဖက်ခ်ျနဲ့ ရောဘတ်ဟုသ်တို့ဟာလည်း စတုတ်နဲ့ပွဲစဉ်မှာ ငါးကြိမ်မြောက် အဝါကတ်ပြသခံရမှုကြောင့် တစ်ပွဲစီ ပွဲပယ်ပြစ်ဒဏ်ခံရမှာပါ။ စနေနေ့ (ဒီဇင်ဘာ ၁၇ ရက်) က စတုတ်နဲ့ကစားခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုးစီ သရေရလဒ် ဖြစ်ခဲ့ပါတယ်။

လက်စတာအသင်းဟာ ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ၁၇ ပွဲကစားအပြီး ရမှတ် ၁၇ မှတ်ဖြင့် အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေကာ တန်းဆင်းဇုန်အသင်းနဲ့ ၃ မှတ်သာ ကွာဟနေပါတယ်။ လက်စတာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး စပိန်ကလပ် ဆီဗီလာနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ