AD
AD
AD

မော်ရင်ဟိုနဲ့ ဖြစ်ခဲ့သမျှ ရန်ငြိုးတွေကို အဆုံးသတ်မေ့ပစ်လိုက်ပြီး ငြိမ်းချမ်းရေးယူဖို့ အဆင်သင့်ပဲလို့ အာစင်ဝင်းဂါးက ပြောလိုက်ပါတယ်။

play

 

ပေါ်တူဂီနည်းပြမော်ရင်ဟို ချယ်လ်ဆီးအသင်းနည်းပြ ဖြစ်လာပြီးနောက်ပိုင်းကတည်းက အာစင်ဝင်းဂါးနဲ့ ဆက်ဆံရေးမှာ အဆင်မပြေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ မော်ရင်ဟိုနဲ့ အာစင်ဝင်းဂါးအကြား အပြန်အလှန် စကားစစ်ထိုးမှုတွေရှိခဲ့တဲ့အပြင် ကွင်းပေါ်မှာလည်း ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေရှိခဲ့ကြပါသေးတယ်။ အာစင်ဝင်းဂါးဟာ ရှုံးနိမ့်ရာမှာအထူးကျွမ်းကျင်သူလို့ မော်ရင်ဟိုက မှတ်ချက်ပေးဖူးတဲ့ မှတ်မှတ်ရရ စကားလည်း ရှိပါသေးတယ်။

မန်ယူအသင်းဂန္တဝင်နည်းပြဟောင်း ဖာဂူဆန်နဲ့တုန်းကလည်း အာစင်ဝင်းဂါးနဲ့ သိပ်အဆင်မပြေခဲ့ပေမယ့် သူတို့နှစ်ဦးဟာ ဖာဂူဆန်မန်ယူကို ကိုင်တွယ်တဲ့ နောက်ဆုံးနှစ်မှာ ဆက်ဆံရေးချောမွေ့ခဲ့ကြပါတယ်။ လူတိုင်းနဲ့ ငြိမ်းချမ်းရေးယူဖို့ အဆင်သင့်ပဲလို့ လာမယ့်တစ်ပတ် မန်ယူအသင်းနဲ့ ပွဲမတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်တာပါ။

play

 

မော်ရင်ဟိုနဲ့ အဆင်ပြေပြေဖြစ်ဖို့ အစီအစဉ်ရှိလားဆိုတဲ့ မေးခွန်းကို အာစင်ဝင်းဂါးက " ကျွန်တော့်ဘဝမှာ အားလုံးအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပြီးသားပါ။ ငြိမ်းချမ်းရေးလည်း ယူလို့ရတာပေါ့။ အရေးကြီးတာကတော့ ကိုယ်ကပြိုင်ဆိုင်သူ တစ်ယောက်ဖြစ်နေတဲ့အတွက် လာမယ့်ပွဲ ဘယ်လိုအနိုင်ကစားရမလဲဆိုတာ စဉ်းစားပြီး အနိုင်ရဖို့ လုပ်ရမှာပဲ" လို့ သတင်းစာရှင်းလင်းပွဲမှာ အာစင်ဝင်းဂါးက ပြောခဲ့တာဖြစ်ပါတယ်။

ဖာဂူဆန်နဲ့တုန်းကတော့ သူတို့နှစ်ဦးကြား ဆက်ဆံရေးကရင့်ကျက်မှုတွေနဲ့ ရှိခဲ့တာလို့ အာစင်ဝင်းဂါးက ဆိုပါတယ်။ " ဖာဂူဆန်နဲ့ကျတော့ ကျွန်တော်တို့ ဆက်ဆံရေးက ရင့်ကျက်သွားကြတာ။ အပြန်အလှန် လေးစားမှု ရှိကြတာပေါ့။ ဘယ်သူ့ကိုဖြစ်ဖြစ် လေးလေးစားစား ဆက်ဆံမိအောင် ကျွန်တော်ကြိုးစားပါတယ်။

အရေးကြီးတာကတော့ ကျွန်တော်ပြောသလိုပဲ ကိုယ့်ရဲ့ကအသင်းပေါ့။ ကိုယ့်အသင်းကိုပဲ အာရုံစိုက်ဖြစ်ပါတယ်။ ကျန်တာတွေကို မေ့ပစ်နိုင်အောင် လုပ်တယ်" လို့ အာစင်ဝင်းဂါးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မန်ယူနဲ့ အာဆင်နယ်က တနင်္ဂနွေနေ့မှာ ကစားကြမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ  မန်ယူရော အာဆင်နယ်အသင်းပါ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ အဆင့်-၄ နေရာကို ရရှိဖို့ မသေချာတဲ့ အခြေအနေ ဖြစ်နေပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD