အာဆင်နယ်နဲ့ မန်ယူအသင်းပွဲစဉ်မှာ ပွဲမစခင် ကစားသမားအချို့ ပြိုင်ဘက်ကစားသမားတွေနဲ့ ဖက်လှဲတကင်း လုပ်နေကြတဲ့အပေါ် အသင်းကစားသမားဟောင်း ဖီးလ်နဗီးက ဝေဖန်လိုက်ပါတယ်။

play

 

မန်ယူနဲ့ အာဆင်နယ်အသင်းပွဲစဉ်ဟာ အရင်ကလို ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း မရှိတဲ့အပြင် ကစားသမားတွေကပါ ပြိုင်ဘက်ကစားသမားတွေနဲ့ ဟာသတွေပြောပြီး ဖက်လှဲတကင်းလုပ်နေတာကို ဖီးလ်နဗီးကဝေဖန်တာဖြစ်ပါတယ်။ ရုပ်သံမှာ ထွက်ပေါ်လာတဲ့ မြင်ကွင်းအရ ပွဲမစခင် ဥမင်အတွင်း နှစ်ဖက်အသင်း ကစားသမားတွေ တန်းစီနေရာမှာ ဒီဂီယာနဲ့ အာဆင်နယ်ဂိုးသမား ပီတာဆက်ခ်ျ ဖက်လှဲတကင်း နှုတ်ဆက်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ရှေ့ဆုံးမှာ တန်းစီနေတဲ့ အသင်းခေါင်းဆောင် ဝိန်းရွန်နေးကတော့ မျက်နှာထားတည်တည်နဲ့ပဲ ရှိနေခဲ့ပါတယ်။

အနောက်မှာလည်း အာဆင်နယ်အသင်း ကစားသမား မွန်ရီရဲလ်က မန်ယူအသင်း ကစားသမား ဟာရဲယားလို့ ယူဆရသူနဲ့ ဟာသအချို့ပြောပြီး ရယ်မောနှုတ်ဆက်နေခဲ့တဲ့ မြင်ကွင်းရုပ်သံမှာ ပေါ်လာတာခဲ့တာပါ။

play

 

အာဆင်နယ်နဲ့ မန်ယူအသင်း ဂန္တဝင်ကစားသမားဟောင်းတွေဖြစ်တဲ့ ဗီအဲရာနဲ့ ရွိုင်ကိန်းတို့ခေတ်ကလို ကစားသမားတွေဟာ ပြိုင်ပွဲစခါနီး ပြိုင်ဆိုင်မှု ပြင်းထန်ပုံ မရှိတော့တာကို နဗီးလ်က ထောက်ပြခဲ့တာဖြစ်ပါတယ်။

" ကျွန်တော့်အတွက်တော့ လုံးဝ အဓိပ္ပါယ်မရှိပါဘူး။ သူတို့အရင် ကစားသမားဟောင်းတွေထက်ကိုများစွာ သက်သောင့်သက်သာဖြစ်နေကြတယ်။ ရွန်နေးကိုကြည့်ပါလား။ အရင်ကစားသမားဟောင်းတွေကိုမီတဲ့ ကစားသမားဟောင်း။ အရှေ့ကို တည့်တည့်ပဲ ကြည့်နေပြီး ဘယ်သူ့ကိုမှဖက်တာတွေ၊ နမ်းတာတွေ လုပ်မနေဘူး" လို့ မန်ယူကစားသမားဟောင်း ဖီးလ်နဗီးလ်က ပြောပါတယ်။

 

ယနေ့ခေတ်ဘောလုံးလောကမှာ ရှိနေကြတဲ့ ကစားသမားတွေရဲ့ အခြေအနေကို ဒါက ဖော်ပြတာပဲလို့ဆက်ပြီးဝေဖန်ပါတယ်။ ဒါမျိုးလုပ်တဲ့ စပိန်ကစားသမားတွေကို မုန်းတီးကြောင်း ဖီးလ်နဗီးလ်က ပြောပြီး အင်္ဂလိပ်ကစားသမားတွေကတော့ ဒါမျိုးမလုပ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ရွိုင်ကိန်းနဲ့ ဗီအဲရာတို့ ခေတ်မှာတော့ မန်ယူနဲ့ အာဆင်နယ်အသင်းဟာ ဟိုက်ဘူရီကွင်း ဥမင်အတွင်းမှာ ပြဿနာ အကြီးအကျယ် တက်ခဲ့ဖူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video