EPL: ဂိုးပြတ်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်ခဲ့တဲ့ မန်ယူ

နောက်ခံလူ (၃)ယောက်ထားပုံစံမျိုးကို မသုံးပဲ (၄)ယောက်ထား ပုံစံမျိုးကို အသုံးပြုခဲ့တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၁)ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မန်ယူအသင်းနဲ့ ၀က်စ်ဟမ်းအသင်းတို့ရဲ့ ပွဲမှာတော့ မန်ယူအသင်းက လူကာကူ၊မာရှယ်နဲ့ ပေါ့ဘာတို့ရဲ့ သွင်းဂိုးတွေနဲ့ ၀က်စ်ဟမ်းအသင်းကို ၄-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

မန်ယူအသင်းဟာ ဒီကနေ့ ပွဲမှာ အဓိက ကစားသမားအများစုကို ပွဲထုတ်လာခဲ့ပြီး ဂိုးသမား နေရာမှာ ဒီဂီယာ၊နောက်ခံလူများအဖြစ် ဗလန်စီ ယာ၊ဘိုင်လီ၊ဖီးလ်ဂျုံး၊ဘလင်း၊အလယ်တန်းမှာ မာတစ်၊ပေါ့ဘာ၊မာတာ၊အမ်ခီတာယန်း၊ရက်ရှ်ဖို့ဒ် တို့ကို ကစားစေခဲ့ပြီး တိုက်စစ်မှာတော့ လူကာကူကို အထောင်ထားကစားစေခဲ့ပါတယ်။

play

 

ဝက်စ်ဟမ်းအသင်းကလည်း ယခုနှစ်ရာသီမှာ အသစ်ခေါ်ယူထားတဲ့ ပရီးမီးယားလိဂ် တစ်ကျော့ပြန် ဂိုးသမား ဂျိုးဟတ်၊ မန်စီးတီး အသင်းက ခေါ်ယူထားခဲ့တဲ့ ဇာဘလတ်တာ၊မန်ယူ ကစားသမားဟောင်း မက္ကဆီကို တိုက်စစ်မှူး ဟာနန်ဒက်တို့နဲ့ မန်ယူအသင်းကို ရင်ဆိုင်လာခဲ့ပါတယ်။

မန်ယူအသင်းဟာ ယခုပွဲစဉ်မှာ ရာသီကြိုခြေစမ်းပွဲစဉ်တွေတုန်းကနဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ ဥရောပစူပါဖလား ကစားခဲ့စဉ်က အသုံးပြုခဲ့တဲ့ နောက်ခံလူ (၃)ယောက်ကစားကွက်ကို အသုံးမပြုတော့ပဲ (၄)ယောက်ထား ပုံစံမျိုးနဲ့ ကစားခဲ့ တာကိုလည်း တွေ့မြင်ရပါတယ်။ ညာနောက် ခံနေရာမှာ ဗလန်စီယာက ကစားပြီး ဘယ်နောက်ခံလူ အဖြစ်တော့ ကွင်းလယ်ကစားသမား ဘလင်းက ဆင်းကစားခဲ့ပါတယ်။

play

 

ပထမဆုံး အိမ်ကွင်းပွဲစဉ်ဖြစ်တာနဲ့အညီ မန်ယူအသင်းက ပိုမိုဖိအားပေးကစားနိုင်ခဲ့ကာ ပွဲကစားချိန် ၃၃ မိနစ်မှာ တိုက်စစ်မှူး လူကာကူက ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ မန်ယူအသင်းက ၁-၀ ဂိုးနဲ့ ဦးဆောင် ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း မန်ယူအသင်းက ဖိအားပေးဆက်လက်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၃ မိနစ်အရောက်မှာတော့ လူကာကူ ကပင် ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်။

ပွဲပြီးဆုံးဖို့ နီးကပ်လာချိန်မှာတော့ မန်ယူအသင်းက အနိုင်သေချာစေမယ့် တတိယမြောက်ဂိုးကို ရရှိခဲ့ပါတယ်။အဆိုပါ ဂိုးကိုတော့ ရက်ရှဖို့ဒ် အစား လူစားဝင်လာတဲ့ မာရှယ်က အမ်ခီတာယန်းရဲ့ ပေးပို့မှုကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာ ဆိုသလို မန်ယူအသင်း တိုက်စစ်ဆင်လာပြီး ပေါ့ဘာက စတုတ္ထမြောက်ဂိုးကို သွင်းယူကာ ၂၀၁၇-၁၈ ပရီးမီးယားလိဂ် ပွဲစဉ် (၁) အပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။

မန်ယူအသင်းဟာ အခုပွဲ ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် စနေနေ့ ပွဲစဉ်များအပြီးမှာ ၃-၀ ဂိုးနဲ့ အနိုင်ရရှိထားတဲ့ ဟတ်ဒါဖီးလ်အသင်းထက် ရ ဂိုးတစ်ဂိုး အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

လာမယ့် တစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်(၂)အဖြစ် မန်ယူအသင်းက ဆွမ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရမှာဖြစ်ပြီး ၀က်စ် ဟမ်းအသင်းကတော့ ဆောက်သမ်တန်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရမှာလည်း ဖြစ်ပါတယ်။

Photos- theguardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ