AD
AD
AD
play

 

စနေနေ့ည ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ပေါ့ဂ်ဘာကို ထည့်သွင်းကစားစေခဲ့ပြီး တိုက်စစ်မှာ လူကာကူကို အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းစတင်ပြီး ၁၃ မိနစ်မှာ နယူးကာဆယ်အသင်းရဲ့တိုက်စစ်မှူး ဒွိုက်ဂေးလ်က အဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချေပဂိုးပြန်လည်ရရှိဖို့အတွက် နယူးကာဆယ်အသင်းကို ဖိအားပေးကစားခဲ့ပြီး ၃၇ မိနစ်မှာ ပေါ့ဂ်ဘာရဲ့ ဖြတ်တင်ပေးပို့မှုကနေတစ်ဆင့် မာရှယ်က ခေါင်းတိုက်သွင်းယူပြီး ချေပဂိုးကို ရယူပေးခဲ့ပါတယ်။ ပထမပိုင်းကစားချိန်ပြည့်လို့ ၃ မိနစ်အချိန်ပိုပေးခဲ့ရာမှာ ၄၆ မိနစ်မှာ စမောလင်းက အက်ရှ်လေယန်းရဲ့ဖြတ်ပေးပို့မှုကနေ ခေါင်းတိုက်သွင်းယူပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကသာ ဖိအားပေး ကစားနိုင်ခဲ့ပြီး ၅၄ မိနစ်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ပေါ့ဂ်ဘာက ရက်ရှ်ဖို့ဒ်ရဲ့ပေးပို့မှုကနေတစ်ဆင့် မန်ချက်စတာယူနိုက်တက်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ယနေ့ပွဲစဉ်မှာ ပေါ့ဂ်ဘာဟာ ကိုယ်တိုင် ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော် မာရှယ်ကို ဂိုးသွင်းယူနိုင်အောင်လည်း ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ပွဲစဉ်မှာ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိခဲ့ပြီး မိနစ် ၇၀ မှာ နောက်ဆုံး ၇ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး လူကာကူက မာတာရဲ့ပေးပို့မှုကနေတစ်ဆင့် မန်ချက်စတာယူနိုက်တက်အသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်း ၇၇ မိနစ်မှာ ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူနေရတဲ့ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို မာရှယ်ရဲ့နေရာမှာ ဝင်ရောက်ကစားစေခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပရိသတ်တွေဟာ အီဘရာဟီမိုဗစ် ဘောလုံးထိတဲ့အချိန်တိုင်း တခဲနက် အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

play

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးအသင်းနဲ့ ၈ မှတ်အကွာကနေ လိုက်ပြီး ဖိအားဆက်လက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD