play

 

ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဝက်ဖို့ဒ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှာလူကာကူကို အထောင်ထားပြီး မာရှယ်၊ လင်ဂတ်တို့အတွဲနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းစတင်ချိန်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းကပဲ ဖိအားပေးကစားနိုင်ခဲ့ပြီး ၁၉ မိနစ်မှာ အက်ရှ်လေယန်းက ဘီးကုပ်စက်ဝိုင်းထိပ်ကနေ လှလှပပ ကန်သွင်းယူခဲ့ပါတယ်။

play

 

၂၅ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပြီး အက်ရှ်လေယန်းက အံ့အားသင့်လောက်စရာ ကန်ချက်နဲ့ ပြစ်ဒဏ်ဘောကနေ ဒုတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့နိုင်ပါတယ်။ ၃၂ မိနစ်မှာ မာရှယ်က လူကာကူရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် မန်ချက်စတာယူနိုက်တက်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ၂ သင်းစလုံး ကစားသမားအပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ၃ ဂိုးသွင်းယူထားနိုင်တာကြောင့် ကစားအားကို လျှော့ချခဲ့ပြီး ဝက်ဖို့ဒ်အသင်းကတော့ ချေပဂိုးတွေ ပြန်လည်ရရှိနိုင်ဖို့အတွက် တိုက်စစ်ကို မြှင့်တင်ခဲ့ပါတယ်။ ၇၂ မိနစ်မှာ ဝက်ဖို့ဒ်အသင်းက ဂရေးရဲ့နေရာမှာ ဒီနေးကို ဝင်ရောက်ကစားစေခဲ့ပြီး ၇၇ မိနစ်မှာ ဝက်ဖို့ဒ်အသင်းရဲ့ကစားသမား ရောဘတ်တိုပီရေးရားကို ရိုဟို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ဝက်ဖို့ဒ်အသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ရာ ဒီနေးက အမှားအယွင်းမရှိ ကန်သွင်းယူပြီး ဝက်ဖို့ဒ်အသင်းအတွက် ပထမဆုံးချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

ဝက်ဖို့ဒ်အသင်းဟာ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် စိတ်ဓာတ်တက်ကြွလာခဲ့ပြီး ဆက်တိုက် ဖိအားပေးတိုက်စစ်ဆင်ခဲ့ရာ ၈၄ မိနစ်မှာ ကာရီလိုရဲ့ ပေးပို့မှုကနေတစ်ဆင့် ဒိုကိုရေးက ဝက်ဖို့ဒ်အသင်းအတွက် ဒုတိယမြောက်ချေပဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ချေပဂိုးတွေ ဆက်တိုက်ပေးခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၈၆ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ တစ်ဆင့် ဂျက်စီလင်ဂတ်ရဲ့တစ်ကိုယ်တော် ထိုးဖောက်မှုနဲ့ စတုတ္ထမြောက်ဦးဆောင်ဂိုးကို ရရှိခဲ့ပြီး ၄ ဂိုး ၂ ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။

Photos: Standard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video