မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ ယမန်နေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် အသက်ရှူချောင်စေမယ့် နောက်ကျသွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
ကယ်ဗင်ဒီဘရိုင်းဟာ မန်ချက်စတာစီးတီးအသင်းကို စတင်ရောက်ရှိခဲ့တဲ့ ၂၀၁၅ ခုနှစ် စက်တင်ဘာကနေ ယနေ့အချိန်အထိ မန်စီးတီးအသင်းအတွက် ဂိုးဖန်တီးမှု ၃၅ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး ဥရောပထိပ်သီးလိဂ် ၅ ခုက ကစားသမားတွေအားလုံးထက် ပိုပြီး ဂိုးဖန်တီးမှုပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။
၂၀၁၅ ဘောလုံးရာသီမှာတော့ ဂိုးဖန်တီးမှု အများဆုံးအဖြစ် အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်က ဦးဆောင်နိုင်ခဲ့ပြီး ဂိုးဖန်တီးမှုမှာ ဘုရင်လို့တောင် တင်စားရလောက်အောင် ယင်းရာသီမှာ ၁၉ ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၆ ဘောလုံးရာသီမှာတော့ အိုဇေးလ်ရဲ့ ဂိုးဖန်တီးမှုဘုရင်ဆုကို ဒီဘရိုင်းက စတင်လွှဲပြောင်းရယူခဲ့ပါတယ်။
ယခုရာသီမှာလည်း ဒီဘရိုင်းကပဲ ဂိုးဖန်တီးမှု ၈ ကြိမ်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်ထားနိုင်ပြီး ဒေးဗစ်ဆေးလ်ဗားကလည်း ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားပါတယ်။ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ဒီဘရိုင်းအနေနဲ့ အသင်းအတွက် လိုအပ်နေတဲ့ အနိုင်ဂိုးကို ၈၃ မိနစ်မှာ ဖန်တီးပေးခဲ့ပြီး ဒေးဗစ်ဆေးလ်ဗားက သွင်းယူပေးခဲ့တဲ့အတွက် ဒုတိယနေရာကနေ ဖိအားပေးနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ၈ မှတ်ဖြတ်ထားနိုင်ခဲ့ပြီး အသက်ရှူချောင်သွားခဲ့တာဖြစ်ပါတယ်။
Source & Photos: Metro