မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်း အဲဗာတန်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး ဝိန်းရူနီဟာ ပရီးမီးယားလိဂ် ၁၆ ပွဲဆက်တိုက် နိုင်ပွဲရယူထားနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့အောင်မြင်တဲ့ ထိပ်သီးအသင်းစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။
Talk Sports နဲ့ အမေးအဖြေပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ဝိန်းရူနီက "ကျွန်တော်ကတော့ မန်ချက်စတာစီးတီးအသင်းက ပရီးမီးယားလိဂ်ရဲ့အအောင်မြင်ဆုံး အသင်းစာရင်းထဲမှာ ပါဝင်လာပြီလားဆိုတာကတော့ မသေချာသေးဘူး ထင်ပါတယ်။ သူတို့အနေနဲ့ ဒီထက် အောင်မြင်မှုတွေ ပိုပြီး ရယူဖို့လိုအပ်မယ်လို့ ထင်ပါတယ်"
"ပရီးမီးယားလိဂ်သမိုင်းကြောင်းတစ်လျှောက်မှာ ထိပ်တန်းအသင်းတွေ အများကြီး ပေါ်ထွက်ခဲ့ပေမယ့် မန်ချက်စတာစီးတီးအသင်းအနေနဲ့ အဲဒီစာရင်းထဲမှာ ပါဝင်ဖို့ဆိုတာ ဆုဖလားတွေ ထပ်ပြီး ရယူဖို့ လိုအပ်နေပါသေးတယ်"
"ထာဝရအကောင်းဆုံးအသင်းက ဘယ်အသင်းလဲ ဟုတ်လား။ ယူနိုက်တက်ပဲ ပေါ့ဗျာ"လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းရဲ့ယခုရာသီမှာ ရှုံးပွဲမရှိ အကောင်းဆုံးပုံစံနဲ့ ချန်ပီယံဖြစ်နိုင်ခြေရှိ၊ မရှိဆိုတာနဲ့ပတ်သက်ပြီး "လက်ရှိအချိန်ထိ မန်စီးတီးအသင်းအနေနဲ့ ရှုံးပွဲမရှိစံချိန်နဲ့ စွမ်းဆောင်ရည်ကတော့ အထင်ကြီးလေးစားလောက်စရာရှိပေမယ့် ရာသီကုန်ချိန်အထိ ရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်နိုင်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲက အရမ်းခက်ခဲပါတယ်။ အထူးသဖြင့် အခုလို ခရစ္စမတ်ပွဲကျပ်ကာလမျိုးပေါ့ဗျာ"
"မန်စီးတီးအသင်းရဲ့ ကစားသမား စုဖွဲ့မှုအင်အားက ကောင်းတယ်ဆိုပေမယ့် ကျန်တဲ့ထိပ်သီးအသင်း ၅ သင်းရဲ့ခြေစွမ်းကလည်း လေးစားဖို့ ကောင်းပါတယ်။ အဲဒီအသင်းထဲက တစ်သင်းသင်းက မန်စီးတီးအသင်းကို အနိုင်ယူပြပါလိမ့်မယ်။ နောက်ထပ် တွေ့ဆုံမယ့် တစ်ကျော့မှာပေါ့"လို့ ပြောကြားခဲ့ပါတယ်။
Source & Photos: Metro