ယနေ့ခေတ် အခြေအနေအရ ဘောလုံးလောကမှာမဖြစ်နိုင်တဲ့ အပြောင်းအရွှေ့ဆိုတာ မရှိသလောက် ဖြစ်နေပါပြီ။ နောက်ဆုံး နေမာရဲ့ အပြောင်းအရွှေ့က သက်သေပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း မွေးရပ်မြေဖြစ်တဲ့ စပိန်ကိုပြန်ဖို့ ကြိုးစားနေတဲ့ ဂိုးသမားဟာ လက်ရှိမန်ယူအသင်းပထမဂိုးသမား ဒီဂီယာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကလည်း ဒီဂီယာကိုခေါ်ယူဖို့ တော်တော်နဲ့လက်မလျှော့ခဲ့ပါဘူး။ အခုတော့ ဒီဂီယာတစ်ယောက် မွေးရပ်မြေစပိန်ကိုပြန်ဖို့ မဖြစ်နိုင်တော့တဲ့ အကြောင်း (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။  မန်ယူနှင့် ရီးရဲလ်မက်ဒရစ် ဆက်ဆံရေး

play

 

နည်းပြဖာဂူဆန်ရှိစဉ်ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူအသင်းအကြား ဆက်ဆံရေးက အခုထက်ပိုပြီး ပြေပြေပြစ်ပြစ်ရှိခဲ့ပါတယ်။ ရော်နယ်ဒိုကို ရောင်းချတဲ့ ကိစ္စမှာတောင် အဖုအထစ်တွေ သိပ်မရှိခဲ့ကြပါဘူး။ ရော်နယ်ဒို၊ နစ္စတယ်ရွိုင်း၊ ဒေးဗစ်ဘက်ခမ်းတို့ရဲ့ အပြောင်းအရွှေ့တွေက ဒီနှစ်သင်းကြား ဆက်ဆံရေးကို မီးမောင်းထိုးပြလျက်ရှိပါတယ်။

အခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ ဗန်ဟားလ်လက်ထက် ၂၀၁၅ ခုနှစ်မှာ ဒီဂီယာကို ရောင်းချဖို့ သဘောတူခဲ့ပြီး နောက်ဆုံးအချိန်ရောက်မှ အကြောင်းအမျိုးမျိုးပြကာ မန်ယူကငြင်းဆန်းလိုက်ပြီးနောက် ဒီနှစ်သင်းဆက်ဆံရေးဟာ တင်းမာခဲ့တာပါ။ ဒီနွေရာသီမှာလည်း မန်ယူက မိုရာတာကိုခေါ်ဖို့ ကြိုးစားပေမယ့် ရီးရဲလ်ဘက်က လက်စားချေတဲ့အနေနဲ့ ချယ်လ်ဆီးကိုသာ ရောင်းချခဲ့တာကြောင့် ဆက်ဆံရေး ပိုဆိုးလာခဲ့ပါတယ်။

၂။ ဈေးကြီးနေခြင်း

ကစားသမားတွေဈေးနှုန်းကို အကဲဖြတ်သတ်မှတ်ပေးထားတဲ့ Transfermarket ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ လက်ရှိဒီဂီယာရဲ့ ဈေးနှုန်းဟာ ယူရိုသန်း ၄၀ ဝန်းကျင်တန်ကြေးရှိတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဒီဂီယာအတွက် ရီးရဲလ်မက်ဒရစ်ကို မန်ယူတောင်းဆိုတဲ့ ဈေးနှုန်းက ဒီတန်ကြေးရဲ့ နှစ်ဆလောက်ဖြစ်နေပါတယ်။ ပိုဆိုးတာက တစှ်စ်ထက်တစ်နှစ် ဒီဂီယာရဲ့ သတ်မှတ်ဈေးဟာ ပိုမြင့်လာတာပါပဲ။

၃။ အခြားရွေးစရာ ရှိနေခြင်း

play
ဘီဘာအိုဂိုးသမား ကက်ပါ

 

ဒီဂီယာကို ရီးရဲလ်မက်ဒရစ်ဘက်က အလွန်ခေါ်ယူချင်ရတဲ့ အချက်တွေထဲမှာ အဓိကကျတာက လက်စွမ်း၊ နာမည်ကျော်ကြားမှုနဲ့ စပိန်နိုင်ငံသားဖြစ်မှု စတာတွေကြောင့် ဖြစ်ပါတယ်။ လက်စွမ်းအရသာ ကြည့်မယ်ဆိုရင် အခြားရွေးချယ်စရာတွေလည်း ရီးရဲလ်မက်ဒရစ်မှာ ရှိနေပါတယ်။ အေစီမီလန်ရဲ့ နာမည်ကျော် ဂိုးသမားဖြစ်နေတဲ့ ဒွန်နာရွန်မာဟာလည်း ရီးရဲလ်မက်ဒရစ်အတွက် ရွေးလို့ရတဲ့ ဂိုးသမား ဖြစ်ပါတယ်။ နောက်တစ်ခါ ဘီဘာအိုမှာ လက်စွမ်းပြနေတဲ့ ပါရမီရှင် ဂိုးသမား ကက်ပါကလည်း ရီးရဲလ်ကို ရောက်ဖို့ အလားအလာများတယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ထားပါတယ်။

 

၎။ အသလက်တီကိုအသင်းမှ ထွက်လာခြင်း

ဒီဂီယာဟာ အသလက်တီကိုအသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားပါ။ မက်ဒရစ်အခြေစိုက် အသင်းတွေဖြစ်တဲ့ အသလက်တီကိုနဲ့ ရီးရဲလ်မက်ဒရစ်ကြားမှာ ကစားသမားကို တိုက်ရိုက်ခေါ်ယူတဲ့ အစဉ်အလာဟာ အတော်လေးကို ရှားရှားပါးပါးဖြစ်ပါတယ်။ ကစားသမား တိုက်ရိုက်ခေါ်ယူမှု မလုပ်ဖို့ နှစ်သင်းအကြား သဘောတူထားတယ်လို့တောင် ပြောကြပါတယ်။ ဒီဂီယာဟာ မြို့ခံပြိုင်ဘက် အသင်းကြားထဲမှာ တိုက်ရိုက်ပြောင်းရွှေ့နိုင်တဲ့ ကစားသမားမဟုတ်တော့ပေမယ့် အသလက်တီကိုအသင်းရဲ့ ဂုဏ်ဆောင်ကစားသမား ဖြစ်နေဆဲပါ။ ဒီအချက်က အပြောင်းအရွှေ့အတွက် သိပ်တော့ အရေးမကြီးပါဘူး။ ဒါပေမယ့် ရီးရဲလ်ကို ရောက်လာခဲ့ရင် ဒီဂီယာကို မုန်းတီးသူတွေ မက်ဒရစ်မှာ ပိုများလာပါလိမ့်မယ်။

 

၅။ ဂန္တဝင်ဖြစ်နိုင်ခြင်း

play

 

မန်ချက်စတာကိုရောက်လာပြီး ခြောက်နှစ်ခွဲအကြာမှာ ဒီဂီယာဟာ မန်ယူအသင်းရဲ့ အနည်းငယ်သော အဓိက ကစားသမားတွေထဲက တစ်ဦးဖြစ်နေပါပြီ။ ပြောရရင် စီနီယာကစားသမားတစ်ဦးလည်း ဖြစ်နေပါပြီ။ အသင်းရဲ့ အမှောင်အကျဆုံး အချိန်တွေဖြစ်ခဲ့တဲ့ မိုယက်စ်လက်ထက်မှာတောင် ဒီဂီယာရဲ့ ကာကွယ်မှုကြောင့် အသင်းဟာ အမြဲ အသက်ရှုချောင်ခဲ့ရတာပါ။

ဒီအတိုင်း အသင်းမှာ ဆက်ရှိဖြစ်မယ်ဆိုရင် ဒီဂီယာဟာ အသင်းရဲ့ ဂန္တဝင်ဂိုးသမားတစ်ယောက် ဖြစ်လာဖို့ ရာနှုန်းများပါတယ်။ ပီတာရှမိုက်ကယ်လို အသင်းဂန္တဝင်ဂိုးသမား ဖြစ်လာဖို့ အခွင့်အရေးဟာ ဒီဂီယာလက်ထဲမှာ ရှိနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video