AD
AD
AD

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ Boxing Day ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘန်လေအသင်းတို့ရဲ့ ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

play

 

ပထမပိုင်းစတင်ပြီး ၃ မိနစ်မှာ ကီဗင်လောင်းရဲ့ဖြတ်တင်ပေးပို့လိုက်တဲ့ဘောလုံးကို အက်ရှ်လေဘန်းနက်စ်က မန်ယူနောက်ခံကစားသမားတွေ ရှုပ်ယှက်ခတ်နေတဲ့ကြားက ကန်သွင်းယူပြီး ဘန်လေအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ပွဲစစချင်း အဖွင့်ဂိုးပေးခဲ့ရတဲ့အတွက် အပြင်းအထန် တိုက်စစ်ဆင်ခဲ့ပေမယ့် အဆုံးသတ်ကန်သွင်းယူရာမှာ လိုအပ်ချက်တွေ ရှိနေခဲ့တာကြောင့် ချေပဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။

play

၃၆ မိနစ်မှာ ဘန်လေအသင်းရဲ့ကွင်းလယ်ကစားသမား စတီဗင်ဒီဖောက ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ကန်သွင်းယူပြီး ဘန်လေအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒုတိယပိုင်းမှာ အပြောင်းအလဲတွေပြုလုပ်ခဲ့ပြီး အီဘရာဟီမိုဗစ်၊ မားကို့စ်ရိုဂျိုတို့ကို ထုတ်ပြီး လင်ဂတ်၊ မစ်ခီတာယန်တို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ၅၃ မိနစ်မှာ လူစားဝင်လာတဲ့ လင်ဂတ်က အက်ရှ်လေယန်းရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ဘန်လေအသင်းဟာ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်နေတာကြောင့် ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး ကစားဖို့ကြိုးစားခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကို အသည်းအသန်ခုခံကာကွယ်နေခဲ့ရပါတယ်။ ဒုတိယပိုင်းပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၂ မိနစ် သတ်မှတ်ပေးခဲ့ပြီး ၉၂ မိနစ်မှာ လင်ဂတ်ကပဲ မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ သိက္ခာဆယ်နိုင်မယ့် ဒုတိယမြောက်ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ပွဲစဉ်မှာ ဂိုးကန်သွင်းခွင့် ၂၃ ကြိမ်အထိ ရှိခဲ့ပေမယ့် ၆ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပါတယ်။ ဘန်လေအသင်းကတော့ ၃ ကြိမ်သာ ဂိုးကန်သွင်းခွင့်ရရှိခဲ့ပေမယ့် ၂ ကြိမ်ဂိုးပေါက်တည့်ခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD