AD
AD
AD
play

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ Boxing Day ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီး အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

မန်ချက်စတာစီးတီးအသင်းဟာ တိုက်စစ်မှာ စတားလင်း၊ အဂူရို၊ ဘာနာဒိုဆေးလ်ဗားတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းစတင်ချိန်ကတည်းက မန်ချက်စတာစီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ၁၁ မိနစ်မှာ မန်ချက်စတာစီးတီးအသင်းက နောက်ခံကစားသမား ကွန်ပနီ ဒဏ်ရာပြဿနာအနည်းငယ်ရှိနေခဲ့တာကြောင့် ကွန်ပနီရဲ့နေရာမှာ ဂက်ဘရီရယ်ဂျီးဆပ်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။

play

 

၃၁ မိနစ်မှာ ဒီဘရိုင်း ဖန်တီးပေးပို့လိုက်တဲ့ဘောလုံးကို စတားလင်းက ဂိုးသမားနဲ့ တစ်ဦးတည်း ပိတ်သွင်းယူပြီး မန်ချက်စတာစီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၃၄ မိနစ်မှာ နယူးကာဆယ်အသင်းက တိုက်စစ်ဆင်ကစားခဲ့ရာမှာ မန်စီးတီးညာနောက်ခံကစားသမား ဝေါ်ကာ ခြေချော်လဲခဲ့ပြီး နယူးကာဆယ်အသင်းရဲ့ကွင်းလယ်ကစားသမား အာရွန်က ဂိုးသမားကို ကျော်ပြီး ကန်သွင်းခဲ့ရာ အိုတာမန်ဒီက ဂိုးစည်းပေါ်ကနေ ခေါင်းတိုက် ရှင်းထုတ်နိုင်ခဲ့တာကြောင့် အိမ်ရှင်နယူးကာဆယ်အသင်း ဂိုးရရှိမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

play

 

ဒုတိယပိုင်းမှာ မန်ချက်စတာစီးတီးအသင်းကပဲ ကစားကွက်အသာစီးရယူကစားနိုင်ခဲ့ပြီး တိုက်စစ်မှူး အဂူရို ယနေ့ပွဲစဉ်မှာ အပိုင်ကန်သွင်းခွင့်တွေကို ဖြုန်းတီးခဲ့ပြီး ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာကြောင့် နောက်ထပ်ဦးဆောင်ဂိုးတွေ ထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ၆၂ မိနစ်မှာ နယူးကာဆယ်အသင်းက ခြေစွမ်းမပြသနိုင်တဲ့ တိုက်စစ်မှူး ဂျိုဆေးလူကို ထုတ်ပြီး ဒွိုက်ဂေးလ်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။

play

 

၆၆ မိနစ်မှာ မန်စီးတီးအသင်းရဲ့ကွင်းလယ်ကစားသမား ဒီဘရိုင်း ဘီးကုပ်စက်ဝိုင်းထိပ်ကနေ ကန်သွင်းခဲ့တဲ့ဘောလုံးဟာ ဂိုးတိုင်ကို ထိပြီး ပြန်ထွက်လာခဲ့ရာမှာ တိုက်စစ်မှူး အဂူရို အမှားအယွင်းမရှိ ပိတ်သွင်းယူနိုင်ခဲ့ပေမယ့် စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ်သာ သတ်မှတ်ခဲ့တာကြောင့် ဂိုးရရှိခဲ့ခြင်းမရှိပါဘူး။

play

 

၈၈ မိနစ်မှာ နယူးကာဆယ်အသင်းက တိုက်စစ်ဆင်ကစားလာခဲ့ရာ ဒွိုက်ဂေးလ် အနီးကပ်ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပေမယ့် ဂိုးပေါက်နဲ့ ကပ်ပြီး လွဲချော်ခဲ့တာကြောင့် နယူးကာဆယ်အသင်းက ချေပဂိုးသွင်းယူနိုင်မယ့်အခွင့်အရေး ဆုံးရှုံးခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ မန်ချက်စတာစီးတီးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ ယနေ့ပွဲစဉ်မှာ အိမ်ရှင်နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ၁၈ ပွဲဆက်တိုက် နိုင်ပွဲရရှိထားပြီး ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်အသင်းကို ၁၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD