AD
AD
AD

လာမယ့်ဘောလုံးရာသီမှာ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက အသင်းကို အကြီးစားပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ သတင်းတွေက ထွက်ပေါ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ဦးဆောင်သူ မန်စီးတီးအသင်းရဲ့နောက် အမှတ်အပြတ်အသတ် ကွာဟနေသလို ချန်ပီယံလိဂ်မှာလည်း ဆီဗီလာအသင်းကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတဲ့နောက် မန်ယူအသင်းရဲ့ ဆုဖလား မျှော်လင့်ချက်ဟာ FA ဖလားသာ ကျန်ရှိပါတော့တယ်။ အသင်းမှာ ရှိတဲ့ ကစားသမားတွေထဲက အနည်းဆုံး (၆)ဦးခန့်ကို အရောင်းစာရင်းတင်သွားမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အခုဖော်ပြမှာကတော့ မန်ယူအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ခေါ်ယူသင့်တဲ့ ကစားသမား (၅) ဦးပဲဖြစ်ပါတယ်။

ဂျော်ဂျင်ဟို (နာပိုလီ)

play

 

အီတလီလက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ နာပိုလီကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့အတွက် မန်ယူအသင်းက အလေးအနက်ထား ချိတ်ဆက်နေကြောင်း သတင်းတွေက အရင်ကတည်းက ထွက်ပေါ်နေခဲ့ပါတယ်။ ကွင်းလယ်နေရာအနှံ့ဆော့ကစားနိုင်ပြီးတော့ ခံစစ်လေးယောက်တန်းကို အကာအကွယ်ပေးနိုင်တဲ့ အရည်အသွေးကောင်းမျိုးရှိတဲ့ ဂျော်ဂျင်ဟိုကို မော်ရင်ဟိုက မျက်စိ ကျနေတာဖြစ်ပြီးတော့ အိုးထရက်ဖို့ဒ်ကို ခေါ်ယူဖို့လည်း ကြိုးစားနေပါတယ်။ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ ဂျော်ဂျင်ဟိုဟာ တစ်ပွဲကို ပျှမ်းမျှဖြတ်တင်ပေးပို့မှု ၉၈ ကြိမ်ရှိခဲ့ပြီးတော့ ဒါဟာ ဥရောပ ထိပ်တန်းလိဂ် (၅)ခုမှာ အမြင့်ဆုံး စွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။ ဘောလုံးပေးပို့တဲ့အခါ တိကျမှန်ကန်မှုကတော့ ၉၂.၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဘောလုံးရှင်းထုတ်မှုဟာ တစ်ပွဲကို ၂.၃ ကြိမ်ခန့်အထိ ရှိခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ သုံးယောက်တန်းကွင်းလယ်ပိုင်းမှာဆိုရင်တော့ နီမန်ယာမာတစ်၊ ပေါလ်ပေါ့ဂ်ဘာတို့နဲ့အတူ ဂျော်ဂျင်ဟိုကို ထားရှိနိုင်ပါတယ်။

ရွိုင်ယန်ဆက်ဆက်နွန် (ဖူလ်ဟမ်)

play

 

လုခ်ရှောရဲ့ အရည်အသွေးကို သဘောမကျတဲ့ မော်ရင်ဟိုအတွက် ဆက်ဆက်နွန်က အကောင်းဆုံးအစားထိုးခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။ ဖူလ်ဟမ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဆယ်ကျော်သက် ကစားသမားလေးရဲ့ အရည်အချင်းဟာ အံ့အားသင့်စရာတွေ အတိနဲ့ပါ။ ချန်ပီယံရှစ်မှာ ၁၄ ဂိုးအထိ သွင်းယူပေးထားခဲ့သလို ခံစစ်နဲ့တိုက်စစ်ကို သက်တောင့်သက်သာ ကစားနေတဲ့ ပုံစံက မော်ရင်ဟိုအတွက် စိတ်ကြိုက်ဖြစ်စရာပါပဲ။ (၁၇) နှစ်အရွယ်သာ ရှိသေးပြီးတော့ သူ့ရဲ့တိုးတက်မှုကို စောင့်ကြည့်နေတဲ့ အသင်းတွေက အများကြီးရှိနေပါတယ်။ အထူးသဖြင့် သူ့ရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်နဲ့ ဘောလုံးပေးပို့မှုအရည်အချင်းတွေက တိုးတက်လာမယ့် အရိပ်အယောင်တွေရှိနေပြီးတော့ အငြင်းပွားစရာမရှိတဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဗာရိန်း ( ရီးရဲလ်မက်ဒရစ်)

play

 

ရီးရဲလ်မက်ဒရစ်ရဲ့ အကောင်းဆုံးဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ ဗာရိန်းကိုလည်း မော်ရင်ဟိုက ကာလရှည်စောင့်ကြည့်နေခဲ့ပါတယ်။ လက်ရှိကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲမှာ တစ်ဦးအပါအ၀င် ဖြစ်ပြီးတော့ အမြင့်ဘောရှင်းထုတ်ပုံ ကောင်းမွန်သလို လျှင်မြန်မှုလည်း ရှိပါတယ်။ ဘောလုံးပေးပို့နိုင်စွမ်းလည်းရှိပြီးတော့ အခြားသော သူ့ရဲ့ စွမ်းဆောင်ရည်တွေက မန်ယူအသင်းခေါ်ယူဖို့ စိတ်ဝင်စားစရာတွေ ဖြစ်လာခဲ့တာပါ။ ဒါ့အပြင် ရီးရဲလ်မှာ မော်ရင်ဟိုနဲ့ လက်တွဲခဲ့ဖူးပြီး တစ်ဦးအကြောင်းတစ်ဦး ကောင်းကောင်းသိနေပြီးသား ဖြစ်နေတာက အားသာချက်တစ်ခု ဖြစ်လာဖွယ်ရှိပါတယ်။ မန်ယူအသင်းရဲ့ နောက်တန်းမှာ အဲရစ်ဘိုင်ယီနဲ့တွဲဖက်ပြီးတော့ ခိုင်မာတောင့်တင်းတဲ့ နောက်တန်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် ပါတနာကောင်းတစ်ဦးလို့ ဆိုရမှာပါပဲ။

တိုဘီအယ်ဒါဝီရယ်လ် (စပါး)

play

 

အထင်ကြီးလောက်စရာ အရည်အချင်းတွေကို အယ်ဒါဝီရယ်လ်က ပရီးမီးယားလိဂ်မှာ (၃) နှစ်ကြာ ပြသခဲ့ပြီးပါပြီ။ လတ်တလောမှာတော့ ဒဏ်ရာကြောင့် အနားယူနေရပြီးတော့ စပါးအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ အဆင်မပြေဖြစ်နေပြီး အသင်းပြောင်းရွှေ့ဖို့ ရှိနေခဲ့ပါတယ်။ အသက် (၂၉) နှစ်အရွယ် ဘယ်လ်ဂျီယံနောက်ခံလူကို မော်ရင်ဟိုက အဲရစ်ဘိုင်ယီနဲ့ တွဲဖက်စေဖို့ ဆန္ဒရှိနေပြီးတော့ ပြီးပြည့်စုံတဲ့ ခံစစ်တံတိုင်း တစ်ခုကို ဖန်တီးဖို့ အသင့်တော်ဆုံးလို့ ဆိုရမှာပါပဲ။ ပရီးမီးယားလိဂ်မှာ အထာကျပြီးသားဖြစ်သလို အတွေ့အကြုံလည်း ပြည့်ဝနေတာမို့ မော်ရင်ဟို ခေါ်ယူသင့်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ဝီလီယံ (ချယ်လ်ဆီး)

play

 

တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ဆိုရင် ၀ီလီယံက စဉ်းစားစရာတောင် မလိုတဲ့ ကစားသမားပါလို့ မော်ရင်ဟိုက မကြာခဏပြောဖူးပါတယ်။ မန်ယူအသင်းရဲ့ ညာခြမ်းတိုက်စစ် အားနည်းနေမှုကို ၀ီလီယံက အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီးတော့ သူ့ရဲ့ အရည်အသွေးကို မန်ယူနဲ့ ချယ်လ်ဆီး၊ ချယ်လ်ဆီးနဲ့ဘာစီလိုနာပွဲတွေမှာ မြင်တွေ့ခဲ့ရပြီးသားပါ။ ၀ီလီယံနဲ့သူနဲ့ကြားမှာ သူငယ်ချင်းတွေလို ဆက်ဆံရေးမျိုး ရှိပြီးတော့ တစ်ဦးနဲ့တစ်ဦး လေးစားမှုအပြည့်အ၀ရှိကြောင်းလည်း သိရပါတယ်။ ဘောလုံးဆွဲပြေးမှု၊ လုပ်အားနှုန်းကောင်းမွန်မှုနဲ့ တည်ကန်ဘောတွေ ကန်သွင်းရာမှာ ကျွမ်းကျင်မှုရှိတဲ့ ၀ီလီယံက မော်ရင်ဟို စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်ပြီး ခေါ်ယူသင့်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Source : sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD