AD
AD
AD

အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် (၃၂) အဖြစ် အစောဆုံးပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲကိုတော့ မြန်မာစံတော်ချိန် ညနေ (၆) နာရီမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ အိမ်ရှင်ခရစ္စတယ်ပဲလေ့စ်ကတော့ တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်ဖို့အတွက် ကြိုးစားနေတာ ဖြစ်ပြီး လီဗာပူးလ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာ သေချာဖို့ ကစားရတာကြောင့် အကြိတ်အနယ်ရှိခဲ့ပြီးတော့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။

play

 

အိမ်ရှင်အသင်းမှာ အဓိကကစားသမား ဇာဟာ ပြန်လည်ပါဝင်လာခဲ့ပြီးတော့ အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ဧည့်သည်လီဗာပူးလ်ကတော့ အသင်းကထွက်ခွာဖို့ သတင်းထွက်နေတဲ့ ကွင်းလယ်လူ အမ်မရီချန် ပါဝင်လာခြင်းမရှိပဲ အသင်းခေါင်းဆောင် ဟန်ဒါဆန် ပြန်လည်ပါဝင်လာခဲ့ပြီး ရှေ့တန်းမှာတော့ မာနေး၊ ဖာမီနို၊ ဆာလာတို့နဲ့ ပုံမှန်ပွဲထွက်လာခဲ့ပါတယ်။

play

 

ပဲလေ့စ်တော့ အိမ်ရှင်အသင်းပီပီ လီဗာပူးလ်ဘက်ကို တိုက်စစ်ဆင်ကစားခဲ့ပြီးတော့ အဓိကအားဖြင့် ဇာဟာရဲ့ ဘယ်တောင်ပံခြမ်းကနေ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ကွင်းလယ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပြီး သူတို့ပုံမှန်ဆော့နေကျ ပုံစံအတိုင်း High-Pressing ကို အားပြုဆော့ကစားခဲ့ပါတယ်။ ပွဲကစားချိန် ၁၂ မိနစ်မှာတော့ ဧရိယာအတွင်း ထိုးဖောက်လာခဲ့ ဇာဟာကို လီဗာပူးလ်ဂိုးသမား ကာရီယပ်စ် ၀င်ရောက်ပုံကြမ်းတမ်းခဲ့လို့ အိမ်ရှင်အသင်း ပယ်နယ်တီရခဲ့ပြီးတော့ ကာရီယပ်စ်လည်း အ၀ါကတ် ပြသခံခဲ့ရပါတယ်။ ဒီပယ်နယ်တီကိုတော့ ပဲလေ့စ်အသင်းခေါင်းဆောင် မီလီဗိုဂျီဗစ်က အမှားအယွင်းမရှိ ကန်သွင်းယူပြီး အိမ်ရှင်အသင်းကို ဦးဆောင်စေခဲ့ပါတယ်။

play

 

ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာတော့ လီဗာပူးလ်ရဲ့ တိုက်စစ်ဆင်ကစားပုံကို မြင်တွေ့ခဲ့ရပြီးတော့ နေရာစုံကနေ ထိုးဖောက်မှုတွေကို ပဲလေ့စ်အသင်း ရင်ဆိုင်ခဲ့ရပါတယ်။ ပွဲချိန် ၁၇ မိနစ်မှာ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်သွင်းချက်က ဂိုးရလုနီးနီး ဖြစ်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ ဒီရာသီမှာ ပယ်နယ်တီ (၉) ကြိမ်ရရှိထားပြီး (၇) ကြိမ်ဂိုးရခဲ့ကာ ပရီးမီးယားလိဂ်မှာ ပယ်နယ်တီအများဆုံးရတဲ့ အသင်းအဖြစ် ရပ်တည်နေခဲ့ပါတယ်။ ပွဲချိန် ၂၄ မိနစ်မှာတော့ ပဲလေ့စ်ဧရိယာအတွင်းမှာ မာနေး ဒိုင်ဗင်ပစ်တယ်ဆိုပြီး ကွင်းလယ်ဒိုင်က အ၀ါကတ်ပြားပြကာ သတိပေးခဲ့ပါတယ်။

play

 

မိနစ် ၃၀ မှာတော့ မာနေးခေါင်းတိုက်ဂိုးသွင်းယူခဲ့ပေမယ့် လူကျွံနေတာကြောင့် ဂိုးမရခဲ့ပဲ လီဗာပူးလ်နစ်နာခဲ့ပါတယ်။ ပဲလေ့စ်ကတော့ အနိုင်ဂိုးရပြီးနောက်ပိုင်း ခံစစ်ကို အနည်းငယ်အသားပေးခဲ့ပြီး လီဗာပူးလ်တိုက်စစ်ကို ကွင်းလယ်ကနေပဲ ဖြတ်တောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း လျှင်မြန်တဲ့ လီဗာပူးလ်ရဲ့ ကစားပုံကြောင့် အခက်တွေ့ခဲ့ရပြီး မာနေးနဲ့ဆာလာတို့ရဲ့ တောင်ပံတွေဖက်က ထိုးဖောက်မှုတွေကို အသည်းအသန်ကာကွယ်နေခဲ့ရပြီး ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်က ချေပဂိုးရဖို့ ပိုမိုအားထည့်လာခဲ့ပြီး ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဖာမီနို+ဂျိမ်းစ်မီနာတို့ရဲ့ တွဲလုံးကတဆင့် မီနာဖန်တီးပေးတာကို မာနေးက ၅၂ မိနစ်မှာ သွင်းယူခဲ့တာပါ။ ဒီဂိုးကတော့ ပဲလေ့စ် နောက်ခံလူတွေ လူကပ်ကစားပုံအားနည်းမှုကြောင့် ပေးခဲ့ရတာဖြစ်ပြီးတော့ ပွဲက ပိုမိုပြီး အသက်ဝင်လာခဲ့ပါတယ်။ ဒုတိယပိုင်းတစ်ပိုင်းလုံးမှာတော့ လီဗာပူးလ်က ကစားကွက်အသာစီးရယူပြီးတော့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး အနိုင်ဂိုးရရှိဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ပဲလေ့စ်တိုက်စစ်မှူး ဘန်တီကီ အပိုင်ဂိုးသွင်းခွင့်ကို လွဲချော်ခဲ့တာကတော့ ပဲလေ့စ်အတွက် နစ်နာခဲ့ရပြီး အဲဒီဂိုးသာ ၀င်ခဲ့မယ်ဆိုရင် ပွဲအဖြေက ပြောင်းလဲသွားနိုင်ပါတယ်။

play

 

အနိုင်ဂိုးရဖို့အတွက် လီဗာပူးလ်အနေနဲ့ မာနေးနေရာမှာ ချိန်ဘာလိန်၊ ၀င်နယ်ဒန်နေရာမှာ လယ်လာနာတို့ကို လူစားလဲခဲ့ပြီး လယ်လာနာကတော့ မိနစ် ၇၀ မှာ လိုဗရန်နဲ့ ပြန်လည်လူစားလဲလှယ်ခဲ့ရပါတယ်။ ချိန်ဘာလိန်ဝင်လာပြီး နောက်ပိုင်းမှာတော့ လီဗာပူးလ်ရဲ့ ကွင်းလယ်ပိုင်း တိုက်စစ်က ပိုမိုသွက်လက်လာခဲ့ပြီးတော့ ပဲလေ့စ်ဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ပဲလေ့စ်ကတော့ လီဗာပူးလ်ကစားကွက်အောက်မှာ နစ်မြုပ်နေခဲ့ရပြီး ဂိုးမပေးရဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် ၈၄ မိနစ်မှာတော့ လီဗာပူးလ်ရဲ့ ပင်တိုင်ဂိုးသွင်းရှင် ဆာလာရဲ့ ဧရိယာအတွင်း ညာခြေနဲ့ အပိုင်ကန်သွင်းမှုကို ခွင့်ပြုခဲ့ရပါတော့တယ်။ ဒီဂိုးကိုတော့ ဘယ်နောက်ခံလူ ရောဘတ်ဆန်က ဖန်တီးပေးခဲ့တာပါ။ ဆာလာရဲ့ ဒီသွင်းဂိုးဟာ ၂၀၁၂-၁၃ က ရော်ဘင်ဗန်ပါစီ၊ ၂၀၀၇-၀၈ က စီရော်နယ်ဒိုတို့ရဲ့ တစ်ရာသီအတွင်း ၂၁ပွဲအထိ ဂိုးသွင်းယူမှုနဲ့ တူညီသွားခဲ့ပြီးတော့ လက်ကျန်ပွဲတွေမှာ ဂိုးဆက်လက်သွင်းနိုင်ခဲ့မယ်ဆိုရင်တော့ အဆိုပါကစားသမားတွေရဲ့ သွင်းဂိုးစံချိန်တွေကို ချိုးဖျက်နိုင်မှာဖြစ်ပါတယ်။ ဆာလာကတော့ ပရီးမီးယားလိဂ်သွင်းဂိုး ၂၉ ဂိုးအထိ ရရှိသွားခဲ့ပြီးတော့ ရွှေဖိနပ်ဆုအတွက် ပိုမိုနီးစပ်လာခဲ့ပါပြီ။

play

 

မိနစ် ၉၀ အပြီးမှာတော့ လီဗာပူးလ်က အိမ်ရှင်ပဲလေ့စ်အသင်းကို ၁-၂ ဂိုး ရလာဒ်နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားအဆင့် (၂)နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။ ဆာလာရဲ့ အဖိုးတန်သွင်းဂိုးနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာ ပိုမိုသေချာလာခဲ့ပြီးတော့ ဒီနိုင်ပွဲကြောင့် အိမ်ရှင်ပဲလေ့စ်အတွက် လက်ကျန်ပွဲတွေမှာ တန်းမဆင်းရဖို့ ပိုမိုရုန်းကန်ရတော့မှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD