AD
AD
AD

ပရီးမီးယားလိဂ်ကတော့ ချန်ပီယံအသင်း ထွက်ပေါ်လို့သွားခဲ့ပါပြီ။ အမှတ်ပေးပြိုင်ပွဲရဲ့ ထုံးစံအတိုင်း ချန်ပီယံလုပွဲ၊ ဥရောပပြိုင်ပွဲဝင်ခွင့်တိုက်ပွဲ နဲ့ တန်းဆင်းဇုန်ရုန်းကန်မှုတွေက အကြိတ်အနယ်ရှိနေခဲ့ပြီးတော့ လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဆု နဲ့ ဥရောပ ပြိုင်ပွဲဝင်ခွင့်အတွက်ကတော့ အဖြေထွက်လုနီးပါးအထိ ဖြစ်နေခဲ့ပါတယ်။ တန်းဆင်းဇုန်တိုက်ပွဲအတွက်တော့ အဆင့် (၁၅) က ၀က်စ်ဟမ်း အသင်းနဲ့ အဆင့် (၁၉)က စတုတ်စီးတီးတို့ကြား အမှတ်ကွာဟာမှုဟာ (၇) မှတ်ထိ ရှိနေပြီးတော့ လက်ကျန်ပွဲစဉ် (၄)ပွဲ၊ (၅)ပွဲအထိ ကျန်သေးတာမို့ တန်းဆင်းဇုန်ရုန်းကန်မှုတွေက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာခဲ့ပါပြီ။

 

အဆင့် (၂၀)က ၀က်ဘရွန်းစ်ကတော့ တန်းဆင်းရဖို့ သေချာသလောက်ဖြစ်နေပြီးတော့ ကျန် (၂)နေရာစာအတွက်တော့ အောက်ခြေကအသင်းတွေဟာ သူ့ထက်ငါအလုအယက် ရုန်းကန်နေရပြီ ဖြစ်ပြီးတော့ လက်ကျန်ပွဲစဉ်တိုင်းဟာ သူတို့အတွက် ဖိအားတွေနဲ့ ပြည့်နှက်နေတဲ့ မိနစ် (၉၀)ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တန်းဆင်းဇုန်တိုက်ပွဲအတွက် လက်ကျန်ပွဲစဉ်တွေက အရေးအပါဆုံးပွဲစဉ် (၆) ပွဲကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်အသင်းတွေ တန်းဆင်းသွားရမလဲဆိုတာကိုလည်း ခန့်မှန်းရ လွယ်ကူစေမှာတော့ သေချာပါတယ်။

 

၁။ ဟတ်ဒါဖီးလ် နဲ့ အဲဗာတန် (ဧပြီလ ၂၈ရက်နေ့၊ စနေနေ့)

play

 

ဟတ်ဒါဖီးလ်ကတော့ ရမှတ် (၃၅)မှတ်နဲ့ ၀က်စ်ဟမ်းနဲ့အဆင့်တူ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဧပြီလကုန်ခါနီးမှာ ကစားရမယ့် အဲဗာတန် အသင်းနဲ့ပွဲစဉ်ဟာ ဟတ်ဒါဖီးလ်အတွက် အကောင်းဆုံးအခွင့်အရေးကို ရယူနိုင်ဖို့လည်း ရှိနေပါတယ်။ အဲဗာတန်အသင်းကတော့ အထက်မရောက်၊ အောက်မရောက် အသင်းဖြစ်ပြီးတော့ အမှတ်မလိုတော့တာမို့ ဟတ်ဒါဖီးလ်အတွက် အခွင့်အရေး ရှိနေတာလည်း ဖြစ်ပါတယ်။ ဟတ်ဒါဖီးလ်အနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်တာမို့ ဒီပွဲစဉ်ဟာ သူတို့အတွက် သေရေးရှင်ရေးတမျှ အရေးပါတဲ့ပွဲစဉ် ဖြစ်လာခဲ့ပါတယ်။

 

၂။ ခရစ္စတယ်ပဲလေ့စ် နဲ့ စတုတ် (မေလ ၅ရက်နေ့၊ စနေနေ့)

play

 

ဒီပွဲစဉ်မတိုင်ခင်မှာ စတုတ်အနေနဲ့ ဘန်လေ၊ လီဗာပူးလ်တို့နဲ့ ကစားထားပြီး ဖြစ်ပါတယ်။ အဲဒီ(၂)ပွဲပေါ်မှာ မူတည်ပြီးတော့ ဒီပွဲစဉ်က စတုတ်အတွက် အရေးကြီးဆုံးပွဲတစ်ပွဲဖြစ်လာမလားဆိုတာက စိတ်ဝင်စားစရာကောင်းပါတယ်။ ပဲလေ့စ်ကလည်း တန်းဆင်းဇုန်ကလွတ်ဖို့ ရုန်းကန်နေရတာမို့လို့ သူတို့နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ဗိုလ်လုပွဲတစ်ပွဲလို အရေးပါလာဖို့လည်း ရှိနေပါတယ်။ ပဲလေ့စ်ကတော့ ၀က်ဖို့ဒ်၊ လက်စတာတို့နဲ့ ဒီပွဲစဉ်မတိုင်ခင် ကစားရဦးမှာ ဖြစ်တာမို့လို့ စတုတ်ထက်စာရင် ပွဲချောင်နေပြီး နောက်ဆုံးပွဲစဉ်မှာလည်း ၀က်ဘရွန်းစ်နဲ့ ကစားရမှာဖြစ်ပါတယ်။ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ဆိုရင်တော့ ပဲလေ့စ်က အခွင့်အရေးအများကြီး ရှိနေသေးပြီး စတုတ်အတွက်ကတော့ ဖောင်ဖျက်ပြီး တိုက်ပွဲဝင်ရမယ့် ပွဲစဉ်တွေဖြစ်ပါတယ်။

 

၃။ ဆွမ်ဆီး နဲ့ ဆောက်သမ်တန် (မေလ ၈ရက်နေ့၊ အင်္ဂါနေ့)

play

 

ဒီရာသီအဖွင့်ပွဲတွေ့ဆုံခဲ့တဲ့ အသင်းနှစ်သင်းဟာ တန်းဆင်းဇုန်တိုက်ပွဲအတွက် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရတော့မှာ ဖြစ်ပါတယ်။ ဆောက်သမ်တန်လို အသင်းအနေနဲ့  တန်းဆင်းဇုန်ထဲ ရောက်နေတာက အံ့အားသင့်စရာဖြစ်နေပြီးတော့ ဆွမ်ဆီးကတော့ အဆင့် (၁၇) မှာ ရပ်တည်နေတာဖြစ်ပါတယ်။ သူတို့နှစ်သင်းကြား ရမှတ်ဟာ လက်ရှိအချိန်မှာ (၅)မှတ် ကွာဟနေပြီးတော့ ဆောက်သမ်တန်အတွက်တော့ မီးကုန်ယမ်းကုန် ကစားရတော့မှာဖြစ်ပါတယ်။ ဆောက်သမ်တန်အနေနဲ့ လက်စတာ၊ ဘုန်းမောက်၊ ဆွမ်ဆီး၊ အဲဗာတန်၊ မန်စီးတီးတို့နဲ့ (၅)ပွဲ ကစားရဦးမှာဖြစ်ပြီး အနည်းဆုံး (၁၀)မှတ်လောက်အထိ ရယူနိုင်မှာမှ တော်ကာကျမှလည်းဖြစ်ပါတယ်။ ဆွမ်ဆီးကတော့ ပွဲပိုကျပ်ပြီး မန်စီးတီး၊ ချယ်လ်ဆီးတို့အပြင် ဘုန်းမောက်၊ ဘ၀တူအသင်းတွေဖြစ်တဲ့ ဆောက်သမ်တန်၊ စတုတ်တို့နဲ့ ကစားရဦးမှာမို့ ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုဟာလည်း အရေးအကြီးဆုံးပွဲအဖြစ် ဖြစ်လာခဲ့ပါတယ်။

 

၎။  ဆွမ်ဆီး နဲ့ စတုတ် (မေလ ၁၃ရက်နေ့၊ တနင်္ဂနွေနေ့)

play

 

စတုတ်အတွက် နောက်ထပ်အရေးပါတဲ့ ပွဲတစ်ပွဲပါ။ ပဲလေ့စ်၊ ဆွမ်ဆီးတို့လို ဘ၀တူအသင်းတွေကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာကြောင့် စိုးရိမ်စရာလည်း ကောင်းပါတယ်။ ပဲလေ့စ်၊ ဆွမ်ဆီးနဲ့ပွဲတွေမှာသာ အခြေအနေမကောင်းခဲ့ရင် စတုတ်အတွက်တော့ ပရီးမီးယားလိဂ်ကို လက်ပြနှုတ်ဆက်ရဖို့ များနေပြီးတော့ ရာသီအဆုံးသတ်ဟာ ငိုကြွေးခြင်းနဲ့ ပြီးဆုံးသွားဖို့ ရှိနေပါတယ်။ ဆွမ်ဆီးကတော့ သူတို့အတွက် အရေးကြီးဆုံး (၂)ပွဲကို အိမ်ကွင်းမှုာ ကစားရမှာမို့ အခွင့်အရေးအသာစီးရရှိနေပြီး တန်းဆင်းဇုန်မျှော်လင့်ချက်အတွက်တော့ အိမ်ကွင်းမှာ ဖိအားပေးကစားပြီး အသာစီးရယူသွားနိုင်ပါတယ်။

 

၅။ ဆောက်သမ်တန် နဲ့ မန်စီးတီး (မေလ ၁၃ရက်နေ့ ၊ တနင်္ဂနွေနေ့)

play

 

ချန်ပီယံဖြစ်ပြီးသွားတဲ့ အသင်းနဲ့ ရင်ဆိုင်ရတာမို့ ဆောက်သမ်တန်အတွက် အခွင့်အရေးကောင်းလို့ ဆိုနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာ ရမှတ်စံချိန်တင်နိုင်ဖို့ မန်စီးတီးက ဦးစားပေးဦးမှာလားဆိုတာကို ထည့်စဉ်းစားဖို့တော့ လိုပါတယ်။ ဆောက်သမ်တန်ရဲ့ ခြေစွမ်းက မာကျော ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပြိုင်ဘက်အသင်းကြီးတွေရဲ့ ဖိအားပေးမှုဒဏ်ကို မခုခံနိုင်တာမို့ ရလာဒ်ဆိုးဝါးပြီး တန်းဆင်းဇုန်ထဲ ကျရောက်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီပွဲကိုတော့ ဆောက်သမ်တန်အနေနဲ့ ရှိသမျှအားအကုန်သုံးပြီး ကစားရမှာပါ။ ဆောက်သမ်တန် အတွက်တော့ အရေးအပါဆုံးပွဲစဉ်လည်း ဖြစ်လာဖို့ ရှိနေခဲ့ပါတယ်။

 

၆။ ပဲလေ့စ် နဲ့ ၀က်ဘရွန်းစ် (မေလ ၁၃ရက်နေ့၊ တနင်္ဂနွေနေ့)

play

 

ပဲလေ့စ်အတွက် အကောင်းဆုံးအခွင့်အရေးကို ပိုင်ဆိုင်နိုင်မယ့် ပွဲတစ်ပွဲပါ။ ၀က်ဘရွန်းစ်လိုအသင်းနဲ့ ရင်ဆိုင်ရတာမို့ အိမ်ကွင်းမှာ အနိုင်(၃)မှတ်အတွက် လွယ်ကူလောက်တယ်လို့ သုံးသပ်လို့ရပါတယ်။ ပဲလေ့စ်ရဲ့ ခြေစွမ်းအရလည်း တန်းဆင်းရလောက်အောင်ထိကို ဆိုးဝါးနေတာ မဟုတ်တာကြောင့် ဒီပွဲကိုသာ အနိုင်ယူနိုင်ခဲ့ရင် တန်းဆင်းဇုန်က ရုန်းထွက်နိုင်ဖို့လည်း ရှိပါတယ်။ ဘာမျှော်လင့်ချက်မှ မရှီတော့တဲ့ အသင်းတစ်သင်းကို အိမ်ကွင်းမှာ အရှုံးရလောက်အောင်ထိတော့ ပဲလေ့စ်အနေနဲ့ ညံ့ဖျင်းမှာမဟုတ်လောက်ပဲ သူတို့အတွက် အရေးပါတဲ့ အနိုင်သုံးမှတ်ကို အရယူဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ပဲလေ့စ်အတွက် အရေးအပါဆုံးသော ပွဲစဉ်တွေထဲက တစ်ပွဲလည်း ဖြစ်လာဦးမှာပါ။

Source : 90 min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD