AD
AD
AD

နှစ်သင်းစလုံးအတွက် နောက်ဆုံးမျှော်လင့်ချက် ဆုဖလားဖြစ်တာကြောင့် မန်ယူအသင်းရော၊ စပါးအသင်းပါ အဓိကကစားသမား အစုံအလင်နဲ့ပွဲထွက်လာခဲ့ပြီး နောက်တန်းပြသနာအနည်းငယ်ရှိနေတဲ့ မန်ယူကတော့ ဖီးလ်ဂျုံးနဲ့ စမောလင်းတို့ရဲ့ အင်္ဂလန်ခံစစ်အတွဲကို ပွဲထုတ်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစားရသလို ဖြစ်နေတဲ့ စပါးအသင်းကတော့ အားသာချက်ရှိခဲ့တာဖြစ်ပြီး မန်ယူကို ဖိအားပေးနိုင်ဖို့အတွက် ပွဲစကတည်းက တိုက်စစ်ဆင်ကစားဖို့ ကြိုးစားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

play

 

စပါးအသင်းရဲ့ တိုက်စစ်ကစားပုံကြောင့် မန်ယူအနေနဲ့ ကစားကွက်တည်မရခဲ့ပဲ စပါးအသင်းကစားကွက်အောက်မှာ မျောနေခဲ့ရပြီးတော့ ခံစစ်ကိုအနည်းငယ် အားပြုခဲ့ရပါတယ်။ စပါးအသင်းဘက်မှာ အဲရစ်ဆင်က ကွင်းလယ်ပိုင်းနေရာစုံကနေ တိုက်စစ်ကို အစပြုဖို့အတွက် ကြိုးစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဲရစ်ဆင်ကြောင့်ပဲ မန်ယူနောက်တန်းဗျာများခဲ့ရတာဖြစ်ပြီးတော့ သူ့ရဲ့ ပေးပို့မှုတွေနဲ့ ကစားကွက်ခင်းကျင်းမှုတွေက မန်ယူကို အခက်တွေ့စေခဲ့ပါတယ်။

play

 

မော်ရင်ဟိုအနေနဲ့ ဒီနေ့ပွဲကို အနိုင်ရဖို့အတွက် အားခဲထားခဲ့ပြီး ကွင်းဘေးနားကနေ တစ်ချိန်လုံးလိုလို အသင်းကို လှုံ့ဆော်ခဲ့သလို လိုအပ်တဲ့ ပြောင်းလဲမှုတွေကိုလည်း အချိန်ကိုက်ပြုလုပ်နိုင်ခဲ့ပါတယ်။ စပါးအနေနဲ့ ကစားကွက်အသာစီး၊ ကွင်းလယ်ပိုင်းအသာစီး ရရှိခဲ့ပေမယ့် တိုက်စစ်ပိုင်းက ဟယ်ရီကိန်းနဲ့ဆွန်ဟောင်မင်တို့အတွက် သေချာပေါက်အခွင့်အရေးတွေကို ဖန်တီးပေးနိုင်မှုမှာ အားနည်းခဲ့ပြီး ဟယ်ရီကိန်း အနေနဲ့ တစ်ပွဲလုံးမှာ မယ်မယ်ရရ ကန်သွင်းခွင့်မရခဲ့ပါဘူး။

play

 

မန်ယူအသင်းကတော့ ပေါ့ဂ်ဘာ၊ ဆန်းချက်ဇ်နဲ့ လင်ဂတ်တို့ ခြေစွမ်းပြနိုင်ခဲ့ပြီး လင်ဂတ်ရဲ့အတိုးအလှုပ်တွေကြောင့် စပါးနောက်တန်း အလုပ်ရှုပ်ခဲ့ပါတယ်။ ပေါ့ဂ်ဘာ၊ မာတစ်တို့ရဲ့ တိကျသေချာတဲ့ ပေးပို့မှုတွေက စပါးကို ပျာယာခပ်စေခဲ့ပြီးတော့ အထူးသဖြင့် ပေါ့ဂ်ဘာရဲ့ ဖန်တီးပေးမှုတွေက အဆင့်မြင့်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

play

 

ပိုချက်တီနိုအနေနဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းအားနည်းနေမှုကို ပြင်ဆင်ဖို့ နောက်ကျခဲ့တာက အမှားအယွင်းဖြစ်ခဲ့ပြီးတော့ ဒုတိယပိုင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ဆွန်ဟောင်မင်ကို လူစားလဲမှု နောက်ကျခဲ့တာနဲ့ ဟယ်ရီကိန်းအတွက် ဂိုးဖန်တီးပေးဖို့ အနေအထားတွေကို ရရှိအောင် မပြောင်းလဲနိုင်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

ဘောလုံးပိုင်ဆိုင်မှုမှာ စပါးအနေနဲ့ အသာစီးရခဲ့ပေမယ့် အပြီးသတ်ဖန်တီးပေးမှုနဲ့ ဂိုးသွင်းယူနိုင်မှုပိုင်းမှာ အားနည်းခဲ့ပြီး မန်ယူကတော့ ရရှိတဲ့အခွင့်အရေးကို အပိုင်အသုံးချနိုင်ခဲ့တာကြောင့် အက်ဖ်အေဖလားဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ စပါးအတွက် ဦးဆောင်ဂိုးကို ဒယ်လီအလီက ပွဲချိန် (၁၁) မိနစ်မှာ သွင်းယူပေးခဲ့ပြီး မန်ယူအတွက် ချေပဂိုးကိုတော့ ဆန်းချက်ဇ်က (၂၄) မိနစ်နဲ့ အနိုင်ဂိုးကိုတော့ ပွဲချိန် (၆၂)မိနစ်မှာ ဟာရဲရားက အပိုင်အသုံးချနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD