ဆာရီနည်းပြသစ်ဖြစ်လာတော့မှာပါ။

ချယ်ဆီးအသင်းဟာ နောက်ဆုံးမှာတော့ နည်းပြ ကွန်တီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး အသင်းရဲ့နည်းပြသစ် ဖြစ်လာမယ့် နာပိုလီ နည်းပြ ဆာရီအတွက် ရေလာမြောင်းပေးပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ ကွန်တီဟာ ချယ်ဆီးအသင်းကို စတင်ကိုင်တွယ်တဲ့ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ထိပ်ဆုံးလေးနေရာကို ဝင်အောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။


Antonio-Conte-985668.jpg

ချယ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ ဒုတိယရာသီမှာ ဖလားတစ်လုံးမှ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြကွန်တီကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ နည်းပြကွန်တီကို ရာထူးကနေ ထုတ်ပယ်လိုက်ခြင်းအားဖြင့် ကွန်တီအတွက် ပေးရမယ့် လစာပမာဏကို လျှော့ချနိုင်မှာဖြစ်ပြီး ကွန်တီကတော့ တနင်္လာနေ့ကတည်းက ရာသီကြိုပွဲစဉ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ အသင်းကို ပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။

 

အီတလီက ကြားသိရတဲ့ သတင်းတွေအရ ကွန်တီဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပြီး ချယ်ဆီးအသင်းကတော့ အတည်ပြုပေးဖို့ ငြင်းဆိုခဲ့ပေမယ့် ယနေ့ညနေမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်တယ်လို့ The Telegraph က ရေးသားထားပါတယ်။

ချယ်ဆီးအသင်းကို ပထမဆုံးကိုင်တွယ်တဲ့ရာသီမှာ ပရီးမီးယားလိဂ်ဖလားအပြင် အက်ဖ်အေဖလားပါ ရယူပေးနိုင်ခဲ့တဲ့ ကွန်တီဟာ ချယ်ဆီးအသင်းနဲ့အတူ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ အတူမရှိနေနိုင်တော့တာဖြစ်ပါတယ်။ နည်းပြကွန်တီဟာ အပြောင်းအရွှေ့ဈေးကွက်မှာ အပြည့်အဝထိန်းချုပ်နိုင်မယ့်အခွင့်အရေးကို လိုအပ်နေပြီး ချယ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကလည်း ချယ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ကို လက်ဝါးကြီးအုပ်ထားလိုနေတာဖြစ်ပါတယ်။

 

ကွန်တီဟာ သဘောထားရေးရာတင်းမာသူတစ်ဦးဖြစ်ပြီး အသင်းရဲ့အားထားရတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာကို အကြောင်းပြချက်မဲ့ အသင်းရဲ့လူစာရင်းကနေ ထုတ်ပယ်ခဲ့သူဖြစ်ပြီး ဒေးဗစ်လူးဝဇ်၊ ဝီလီယံနဲ့ အခြား လူငယ်ကစားသမားတွေကို နေရာမပေးခဲ့တဲ့အတွက် ဝေဖန်ခံနေရသူဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ အသင်းရဲ့တောင်ပံကစားသမား အီဒင်ဟာဇက်ကို စာချုပ်သစ် မချုပ်ဆိုနိုင်မှာကို စိုးရိမ်နေပြီး ကွန်တီသာ ဆက်ရှိနေမယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို ထောက်ရှုပြီး နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က