ဟာဇက်ဟာ ရီးရဲလ်ကို ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေတာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး တတိယဆု ရရှိခဲ့ပြီးနောက် ဟာဇက်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေခဲ့ပါတယ်။ ကစားသမားအတွက် သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့ပေမယ့်လည်း ချယ်လ်ဆီး အသင်းဖော် ဖာဘရီဂတ်စ်က ဟာဇက်ကို အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။

Photo : Fotmob

 

ဖာဘရီဂတ်စ်က ဟာဇက်ကို ချယ်လ်ဆီးရဲ့ အကောင်းဆုံးကစားသမားလို့ ချီးကျူးခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်တစားကမ်းလှမ်းမှုကို ချယ်လ်ဆီးက အဆုံးစွန်ထိ ငြင်းဆန်သွားဖို့လည်း မျှော်လင့်နေခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယအကောင်းဆုံးကစားသမားအဖြစ် ဟာဇက်က သတ်မှတ်ခံခဲ့ရပြီး ငွေဘောလုံးဆု ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖီဖာရဲ့ အကောင်းဆုံးအသင်းမှာတော့ ဟာဇက် ပါဝင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

 

အန်တိုနီယိုကွန်တီ ထုတ်ပယ်ခံရပြီး နည်းပြသစ်အဖြစ် ဆာရီ ရောက်ရှိလာခဲ့ပြီးနောက် ဖာဘရီဂတ်စ်က ဟာဇက်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားသင့်တဲ့ ကစားသမားအဖြစ် ရှုမြင်ပြီး ပြောဆိုသုံးသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ "ကျွန်တော် မလိမ်ချင်ပါဘူး၊ သူနဲ့ ကြိမ်ဖန်များစွာ စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်" လို့ ဖာဘရီဂတ်စ်က ပြောကြားခဲ့ပါတယ်။

Photo : SOCCERINFOMANIA

 

"ကလပ်အသင်းမှာ သူက အကောင်းဆုံး ကစားသမားပါ၊ ချယ်လ်ဆီးအနေနဲ့ အသင်းရဲ့ အကောင်းဆုံးကစားသမားကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားသင့်ပါတယ်၊ ပရိသတ်တွေ သူ့ကို ဘယ်လောက်ထိ ချစ်ခင်ကြလဲဆိုတာ သူကိုယ်တိုင်သိသလို ကစားသမားတွေကလည်း သူနဲ့ တွဲဖက်ကစားရတာကို နှစ်သက်နေကြတာပါ၊ ကျွန်တော်ကတော့ သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်" လို့ ဖာဘရီဂတ်စ်က သူ့ဆန္ဒကို ဖွင့်ဟခဲ့ပါတယ်။

Photo : Bleacher Report

 

သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ရာသီသစ်အဝေးကွင်းဝတ်စုံ ကြော်ငြာမှုမှာ ဟာဇက်ရဲ့ ရုပ်ပုံပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ ဒီလို ပါဝင်လာတဲ့အတွက် ဟာဇက်ရဲ့ ချယ်လ်ဆီးအနာဂတ်နဲ့ ပတ်သက်ပြီး ပရိသတ်အချို့က ဝမ်းမြောက်ဝမ်းသာဖြစ်နေကြကာ အသင်းမှာ ဆက်ရှိနေမယ်လို့ မျှော်လင့်နေကြပါတယ်။

Share

Loading Next Article...
က္က