လာမယ့်ဧပြီလ ၄ ရက်နေ့မှာကစားမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အတွက် လီဗာပူးအသင်းရဲ့ပရိသတ်တွေဟာ လူမှုကွန်ရက်ပေါ်မှာ လှုံ့ဆော်မှုတွေ ပြုလုပ်နေတာကြောင့် စိုးရိမ်မိကြောင်း မန်ချက်စတာစီးတီးအသင်းက ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းရဲ့ပရိသတ်တွေဟာ လီဗာပူးနဲ့မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ် မစတင်မီ ကွင်းအဝင်ဝမှာ စုရုံးပြီး မန်ချက်စတာစီးတီး အသင်းရဲ့ဘတ်စ်ကားကို နှောင့်ယှက်ဖို့အတွက် အစီအစဉ်တွေ ပြုလုပ်ထားနိုင်တာကြောင့် မန်ချက်စတာစီးတီးအသင်းအနေနဲ့ ရဲတပ်ဖွဲ့တွေကို ကြိုတင်ဆက်သွယ်ပြီး တိုင်ကြားမှုပြုလုပ်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ပရိသတ်တွေဟာ ယခင်ကလည်း ပြိုင်ဘက်အသင်းရဲ့ကြိုပို့ယာဉ်ကို ဝိုင်းဝန်းကြိုဆိုခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ကစားသမားတွေ စိတ်အနှောင့်အယှက်ဖြစ်အောင် လူစုလူဝေးနဲ့ စောင့်ဆိုင်းပြီး ပြုလုပ်ခဲ့ဖူးပါတယ်။ လာမယ့် မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်အတွက်လည်း ယခုကတည်းက လူမှုကွန်ရက်ပေါ်မှာ ပိုစတာဖြန့်ဝေနေပြီး ယင်းပိုစတာထဲမှာ ပရိသတ်များအနေနဲ့ မီးရှူးမီးပန်းများနဲ့အလံများ၊ နဖူးစည်းစာတမ်းများ ယူဆောင်လာကြဖို့ ရေးသားထားပြီး ထောင်ပေါင်းများစွာ ဆူညံသံတွေကြောင့် ပွဲမစတင်မီကတည်းက အမြီးကုပ်ပြီး မန်ချက်စတာကို ကြောက်ပြီးပြန်ပြေးအောင် အဆင်သင့်ပြင်ထားဖို့ ရေးသားထားပါတယ်။ အချိန်ကိုတော့ ပွဲမစတင်မီ ၂ နာရီအလိုကတည်းက ကြိုတင်စုရုံးထားဖို့ ရေးသားထားပြီး မန်ချက်စတာစီးတီးအသင်းကို ပိုက်ဆံနဲ့ဝယ်လို့မရတဲ့အရာက ဘာလဲဆိုတာ အတိအကျသိအောင် ပြလိုက်ကြရအောင်လို့ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဆီဗီလာအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်တုန်းကလည်း နှစ်ဖက်အသင်း ပရိသတ်တွေ ဝရုန်းသုန်းကားဖြစ်ခဲ့တာကြောင့် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့ရပါသေးတယ်။ ၂၀၁၄ ခုနှစ်က လီဗာပူအသင်းနဲ့ မန်ချက်စတာစီးတီးအသင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မတိုင်မီတုန်းကလည်း မန်ချက်စတာစီးတီးပရိသတ်တွေ စီးနင်းလာတဲ့ ကားတွေကို ခဲလုံး၊ အုတ်နီခဲတွေနဲ့ ပစ်ခဲ့တာကြောင့် မှန်တွေကွဲပြီး ပရိသတ်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးပါတယ်။
Source & Photos: DM