AD
AD
AD

ဆုကြေးစားဘောလုံးသမားအစည်းအရုံး (PFA)  တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ချီးမြှင့်ဖို့အတွက် ဆန်ခါတင် ရွေးချယ်မှုမှာ မန်စီးတီးအသင်းက ကစားသမား (၃)ဦးနဲ့ ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဆုအတွက် စုစုပေါင်း ကစားသမား (၆)ဦး ရွေးချယ်ခဲ့ပြီးတော့ မန်စီးတီးအသင်းမှ ကီဗင်ဒီဘရိုင်း၊ လီရွိုင်ဆာနေး၊ ဒေးဗစ်ဆေးဗားလ်တို့ ပါဝင်ခဲ့ပြီး လီဗာပူးလ်မှာ ဆာလာ၊ စပါးမှ ဟာရီကိန်း နဲ့ မန်ယူမှ ဒေးဗစ်ဒီဂီယာတို့လည်း ပါဝင်လာခဲ့ပါတယ်။

 

အဆိုပါဆုကို ရရှိဖို့အတွက် ဒီဘရိုင်း၊ ဆာလာ နဲ့ ဟာရီကိန်းတို့က ထိပ်ဆုံးမှ ရေပန်းစားနေခဲ့ပြီးတော့ သူတို့ (၃)ဦးထဲက တစ်ဦးဦး ရရှိသွားမယ်လို့ ထင်ကြေးပေးမှုတွေလည်းကလည်း မြင့်တက်လာပါတယ်။ ရွေးချယ်ခြင်းခံခဲ့ရတဲ့ ကစားသမား (၆)ဦးဟာ သက်ဆိုင်ရာ ကလပ်အသင်းတွေအတွက် အကောင်းဆုံးခြေစွမ်းပြ၊ လက်စွမ်းပြခဲ့သူတွေ ဖြစ်ပါတယ်။

play

 

ဒီဘရိုင်းကတော့ ဒီရာသီမှာ မန်စီးတီးကွင်းလယ်ပိုင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့သူဖြစ်ပြီးတော့ သွင်းဂိုး (၇) ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၂ ) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ အသင်းကို အကောင်းဆုံးထိန်းကျောင်းနိုင်မှုတွေက ဒီဆုကို ရရှိဖို့အတွက် အခွင့်အရေးကောင်းတွေကို ပိုင်ဆိုင်စေခဲ့တာလည်း ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဒီဆုနဲ့ ထိုက်တန်တယ်လို့ ဒီဘရိုင်းက ရိုးသားစွာ ဖွင့်ဟပြောကြားခဲ့ပြီး မိုဟာမက်ဆာလာကို နောက်ကောက်ချနိုင်မယ်လို့ ဒီဘရိုင်းက ယုံကြည်နေခဲ့ပါတယ်။

play

 

လီဗာပူးလ်တိုက်စစ်မှူး ဆာလာကတော့ ဒီရာသီမှာ လူပြောအများဆုံးနဲ့ စောင့်ကြည့်အခံရဆုံး ကစားသမားအဖြစ် ထိပ်ဆုံးမှာ ရှိနေခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်း (၃၀) ဂိုးအထိ ရရှိခဲ့သလို အသင်းဖော်တွေအတွက် (၉)ကြိမ်အထိ ဂိုးထောက်ပံ့ပေးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ မရှိမဖြစ် ကစားသမားအဖြစ် အချိန်တိုအတွင်းမှာ သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ဒီရာသီမှာ များပြားလှသော စံချိန်မှတ်တမ်းတွေကို ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုကို တစ်ရာသီအတွင်း (၃)ကြိမ်အထိ ရရှိခဲ့တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

play

 

ဟာရီကိန်းကတော့ ရေပန်းအစားဆုံး ကစားသမား (၃)ဦး စာရင်းထဲမှာ ပါဝင်လာခဲ့ပေမယ့် သူ့ရဲ့ ခြေစွမ်းနဲ့ တောက်ပမှုတွေဟာ ဒီဘရိုင်းနဲ့ဆာလာတို့ရဲ့အောက်မှာ မှေးမှိန်ခဲ့ရပါတယ်။ စပါးအသင်းအတွက် ဂိုးသွင်းစက်တစ်လုံးဖြစ်ခဲ့ပေမယ့် ဟာရီကိန်းဟာ ဆာလာရဲ့ ကျော်ကြားမှုအောက်မှာ ငုပ်လျှိုးနေခဲ့ရပြီး သူ့အပေါ်ကို အားလုံးက အာရုံစိုက်လာအောင် အားထုတ်မှုအပိုင်းမှာလည်း လျော့နည်းခဲ့တာမို့ ဒီဆုကို ရရှိဖို့အတွက်တော့ ဆာလာနဲ့ ဒီဘရိုင်းတို့လို ထင်ကြေးပေးခံရမှု နည်းပါးခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

play

 

ဒီဘရိုင်းရဲ့ အသင်းဖော်ဖြစ်တဲ့ ဆာနေးကတော့ အသက်အရွယ်နဲ့ မလိုက်ဖက်အောင်ပဲ မန်စီးတီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြနေခဲ့ပြီး ဆန်ခါတင်အဆင့်ကို ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ မန်စီးတီးအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၉)ဂိုး နဲ့ ဖန်တီးမှု (၁၂)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး လျှင်မြန်သွက်လက်တဲ့ သူ့ရဲ့ ကစားပုံဟာ ဂွာဒီယိုလာရဲ့ ကစားကွက်နဲ့ လိုက်ဖက်ညီခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာ ထူးထူးခြားခြား တောက်ပခဲ့သူ ဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်းမှ အခြားကစားသမားတစ်ဦးဖြစ်သူ ဆေးဗားလ်ကတော့ ၀ါရင့်ကွင်းလယ်လူပီပီ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ပိုင်းနဲ့ ကစားကွက်ကို ဦးဆောင်နေခဲ့သူဖြစ်ပြီး ဂွာဒီယိုလာရဲ့ အားအကိုးရဆုံး ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒဏ်ရာပြသနာကြောင့် အနားယူနေရတဲ့ အခိုက်အတန့်တွေရှိခဲ့ပေမယ့် ကစားခဲ့တဲ့ ပွဲတိုင်းမှာ ဆေးဗားလ်ဟာ ခြေစွမ်းပြနိုင်ခဲ့ပြီး (၈)ဂိုး သွင်းယူနိုင်ခဲ့ပြီး (၁၁) ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။

play

 

မန်ယူဂိုးသမား ဒီဂီယာကတော့ ရွှေလက်အိတ်ဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးဖို့ အားခဲထားသူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၁၆ပွဲအထိ ပေးဂိုးမရှိစံချိန်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းဂိုးပေါက်ကို အကောင်းဆုံးကာကွယ်နိုင်ခဲ့ပြီး ထင်မှတ် မထားလောက်အောင် မြန်ဆန်သွက်လက်တဲ့ တုန့်ပြန်မှုတွေနဲ့ အသင်းဂိုးပေါက်ကို စောင့်ကြပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၅ ဂိုးပဲ ခွင့်ပြုထားခဲ့ရပြီး အသင်းကို  ဒုတိယခံစစ်အကောင်းဆုံးအသင်းဖြစ်လာအောင် ဒီဂီယာက စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

 

PFA လူငယ်ကစားသမားဆု

 

ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုစာရင်းကိုလည်း တပြိုင်တည်း ကြေငြာခဲ့ရမှာတော့ ဟာရီကိန်း၊ ဆာနေး၊ စတာလင်၊ အီဒါဆန်၊ မားကပ်စ်ရက်ဖို့ဒ်နဲ့ ဖူလ်ဟမ်အသင်းမှ ရွိုင်ယန်ဆက်ဆက်နွန်တို့ ရွေးချယ်ခံခဲ့ရပါတယ်။ ဒီဆုစာရင်းမှာလည်း မန်စီးတီး ကစားသမား (၃)ဦး ပါဝင်ခဲ့တာမို့ ဆုနှစ်ခုလုံးကို မန်စီးတီးကစားသမားတွေ လွှမ်းမိုးနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

play

 

စတာလင်ကတော့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြခဲ့သလို (၈) ကြိမ်အထိ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး မန်စီးတီးတိုက်စစ်ပိုင်းမှာ ဆာနေးနဲ့အတွဲအဖက်ညီညီ ခြေစွမ်းပြနေခဲ့သူ ဖြစ်ပါတယ်။ ဂွာဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမားဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာမယ့်သူလို့ ဂွာဒီယိုလာက မှတ်ချက်ပြုခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်းကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ်ပေးဂိုး အနည်းဆုံးအသင်းဖြစ်ပြီး စုစုပေါင်း (၂၅)ဂိုး ခွင့်ပြုခဲ့ရပါတယ်။ ဒီအနေအထားအတွက် ဂိုးသမားအီဒါဆန်က အကောင်းဆုံးပါဝင်ပတ်သက်ခဲ့ပြီး အသင်းနဲ့ ပထမဆုံးရာသီမှာပဲ လက်စွမ်းပြနေခဲ့ပါတယ်။ ၀ါရင့်ဂိုးသမား ဘရာဗိုရဲ့ ပထမဂိုးသမားနေရာကို အလွယ်တကူရယူနိုင်ခဲ့ပြီး ဂွာဒီယိုလာရဲ့ ကစားကွက်မှာ အကောင်းဆုံးကစားပြနေခဲ့သူလည်း ဖြစ်ပါတယ်။

play

 

မားကပ်စ်ရက်ဖို့ဒ်ကတော့ မန်ယူအသင်းအတွက် (၆)ဂိုးသွင်းယူနိုင်ခဲ့ပြီး (၅)ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ရက်ဖို့ဒ်ရဲ့ အကောင်းဆုံးပွဲကတော့ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး အသင်းအတွက် အနိုင်ဂိုး (၂)ဂိုးစလုံးကို သွင်းယူပေးခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ လူထုတ်ပုံအောက်မှာ ပုံမှန်ကစားခွင့်မရပေမယ့် သူ့ရဲ့ ခြေစွမ်းကတော့ ဆန်ခါတင်အဆင့်နဲ့ ထိုက်တန်တယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

play

 

ဒီရာသီမှာ ထူးထူးခြားခြား နာမည်ကြီးလာသူကတော့ ချန်ပီယံရှစ်မှာကစားနေတဲ့ ဖူလ်ဟမ်အသင်းရဲ့ လူငယ်နောက်ခံလူ ဆက်ဆက်နွန်ဖြစ်ပါတယ်။ ခံစစ်နဲ့တိုက်စစ်ကို လိုက်ပါကစားမှု ထူးချွန်ပြီး နောက်ခံကစားသမားတစ်ယောက်အနေနဲ့ ၁၄ဂိုးအထိ သွင်းယူနိုင်ခဲ့မှုက အံ့အားသင့်စရာလည်း ဖြစ်ပါတယ်။ အသင်းကြီးများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီး လာမယ့်ရာသီမှာ ဥရောပထိပ်သီးအသင်းကြီး တစ်သင်းသင်းကို ရောက်ဖို့ အလားအလာရှိနေပါတယ်။

 

ဒီဆုတွေကိုတော့ ဧပြီလ (၂၂) ရက်နေ့မှာ မဲပေးကာ ရွေးချယ်ကြေငြာသွားမှာဖြစ်ပြီးတော့ ဆုပေးပွဲအခမ်းအနားကိုတော့ လန်ဒန်မှာ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

Source : SkySports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD