Sports: ကစားသမားများကို ထိန်းချုပ်ရန်ပျက်ကွက်မှုဖြင့် FA က မန်ယူကို စွဲချက်တင်

ဟာရဲယား ထုတ်ပယ်ခံရပြီးနောက် ကွင်းလယ်ဒိုင်ကို မန်ယူကစားသမားများက ဝိုင်းဝန်းပြီး စောဒကတက်ခဲ့ကြပါတယ်။

မန်ယူကစားသမားများ ကွင်းလယ်ဒိုင်ကို စောဒကတက်မှု


အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကစားသမားများကို ထိန်းချုပ်ရန်ပျက်ကွက်မှုဖြင့် မန်ချက်စတာယူနိုက်တက်အသင်းအား အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က မတ်လ ၁၄ ရက်မှာ စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်အတွင်း ကွင်းလယ်ကစားသမား ဟာရဲယား ပထမပိုင်းမပြီးခင် ၁၀ မိနစ်အလိုမှာ အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီးနောက် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာအား မန်ယူကစားသမားများက ဝိုင်းဝန်းပြီး စောဒကတက်ခဲ့ကြပါတယ်။

play


ဟာရဲယားက ချယ်လ်ဆီးကစားသမား ဟာဇက်ကို ကစားပုံကြမ်းတမ်းခဲ့မှုကြောင့် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက ဒုတိယအကြိမ် အဝါကတ်ပြသခဲ့ရာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ အဆိုပါ ပွဲစဉ်အတွင်း မန်ယူကစားသမား ရိုဟိုက ချယ်လ်ဆီးကစားသမား ဟာဇက်ကို တက်နင်းခဲ့တဲ့ ဓာတ်ပုံတွေထွက်လာခဲ့ပြီး အရေးယူခံရနိုင်ကြောင်း သတင်းတွေပေါ်ထွက်ခဲ့သေးပေမဲ့ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာရဲ့ ပွဲအစီရင်ခံမှတ်တမ်းအရ ရိုဟိုကို အရေးယူမှာမဟုတ်ကြောင်း သိရပါတယ်။

play


မတ်လ ၁၄ ရက် မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ချယ်လ်ဆီးက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ မန်ယူဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ပွဲအဖြစ် မစ်ဒယ်ဘရော့၊ ဝက်စ်ဘရွန်းတို့နဲ့ ကစားရမယ့်ပွဲတွေမှာ အသင်းအတွက် ဂိုးအများဆုံး သွင်းယူပေးထားတဲ့ အီဗာရာဟီ မိုဗစ်ခ်ျနဲ့ ဟာရဲယားတို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ စွဲချက်တင်မှုနဲ့ ပတ်သက်ပြီး မန်ယူအသင်းအနေနဲ့ လာမယ့် သောကြာနေ့ (မတ်လ ၁၇ ရက်) ညနေ ၆ နာရီမတိုင်မီ ဆက်သွယ်ဆောင်ရွက်ရမယ်လို့ FA က ထုတ်ပြန်ထားကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ