International Sports: ကစားသမားသက်တမ်းတစ်လျှောက် ပွဲ ၁,၀၀၀ ပြည့် ကစားမယ့် ဘူဖွန်

ဘူဖွန်ဟာ အီတလီလက်ရွေးစင်အဖြစ် ၁၉၉၇ ခုနှစ်မှ အောက်တိုဘာလမှစပြီး နှစ်ပေါင်း ၂၀ ကြာ ပါဝင်ကစားခဲ့ပါတယ်။

အီတလီ ဝါရင့်ဂိုးသမားကြီး ဘူဖွန်


နာမည်ကြီး ဂိုးသမားဘူဖွန်ဟာ ၎င်းရဲ့ ကစားသမားသက်တမ်းမှာ ပွဲ ၁,၀၀၀ ပြည့်အဖြစ် အယ်လ်ဘေးနီးယားနဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားသွားမယ်လို့ သိရပါတယ်။  အီတလီအသင်းဟာ မတ်လ ၂၅ ရက် အစောပိုင်းမှာ အယ်လ်ဘေးနီးယားနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်ဂိုးသမားကြီး ဘူဖွန်ဟာ အီတလီလက်ရွေးစင်အဖြစ် ၁၉၉၇ ခုနှစ်မှ အောက်တိုဘာလမှစပြီး နှစ်ပေါင်း ၂၀ ကြာ ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။ ထိုစဉ်က ရုရှားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

play


ယခု ယှဉ်ပြိုင်ကစားသွားမယ့် အယ်လ်ဘေးနီးယားနဲ့ ပွဲစဉ်ဟာ နိုင်ငံလက်ရွေးစင်အဖြစ် ဘူဖွန်ရဲ့ ၁၆၈ ပွဲမြောက်လည်း ဖြစ်လာပါတယ်။ ဘူဖွန်ဟာ ကလပ်အသင်း ဘောလုံးသမားအဖြစ် စတင်ခဲ့တဲ့ ပါးမားအတွက် ပွဲစဉ်ပေါင်း ၂၂၀ ပါဝင်ကစားခဲ့ပြီး လက်ရှိ ကစားနေတဲ့ ဂျူဗင်တပ်အတွက် ပွဲစဉ်စုစုပေါင်း ၆၁၂ ပွဲကစားထားပါတယ်။

ဘူဖွန်ဟာ ဂျူဗင်တပ်ကို ၂၀၀၁ ခုနှမှာ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ "ကျွန်တော့် ကစားသမားသက်တမ်းမှာ ပွဲစဉ်ပေါင်းတစ်ထောင်ပြည့် ကစားခွင့်ရတာက ကြီးမားတဲ့ အောင်မြင်မှုပါပဲ၊ ကျွန်တော် ပျော်ပါတယ်" လို့ ဘူဖွန်က ဆိုပါတယ်။

အရပ်အမြင့် ၆ ပေ ၃ လက်မရှိတဲ့ ဝါရင့်ဂိုးသမားကြီး ဘူဖွန်ဟာ ကလပ်အသင်း ကစားသမားအဖြစ် အီတလီစီရီးအေမှ ပါးမားနဲ့ ဂျူဗင်တပ် နှစ်သင်းတည်းမှာသာ ကစားနေခဲ့သူလည်း ဖြစ်ပါတယ်။ ဘူဖွန်ဟာ ပါးမားအသင်းမှာ ကစားခဲ့စဉ်က ကိုပါအီတလီယာ ဆုဖလား တစ်ကြိမ်၊ စူပါကိုပါ အီတလီယာ ဆုဖလား တစ်ကြိမ်နဲ့ ယူအီအက်ဖ်အေ ဆုဖလား တစ်ကြိမ်ရခဲ့ဖူးပါတယ်။

ဂျူဗင်တပ်နဲ့အတူ စီရီးအေချန်ပီယံဆု ၇ ကြိမ်၊ စီးရီးဘီချန်ပီယံဆု တစ်ကြိမ်၊ ကိုပါအီတလီယာ ဆုဖလား ၂ ကြိမ်၊ စူပါကိုပါ အီတလီယာ ဆုဖလား ၅ ကြိမ် ရရှိထားပါတယ်။ ဘူဖွန်ဟာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီအသင်းနဲ့အတူ ချန်ပီယံဆုဖလားကို ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ