International Sports: နှစ်ဖက်ပရိသတ် ပြဿနာရှာမှုကြောင့် အာဆင်နယ်နဲ့ဘိုင်ယန် ဒဏ်ရိုက်ခံရ

အိမ်သာသုံးစက္ကူများ ကွင်းအတွင်းပစ်ချမှုနဲ့ ပရိသတ်တစ်ဦးက ကွင်းအတွင်းပြေးဝင်မှုတို့ ဖြစ်ခဲ့ပါတယ်။

အာဆင်နယ် ၁ - ၅ ဘိုင်ယန်မြူးနစ်


အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ကို ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် အမ်းမရိတ်စ်ကွင်းမှာ ကစားခဲ့စဉ် နှစ်ဖက်ပရိသတ်များရဲ့ ဆိုးသွမ်းတဲ့ အပြုအမူကြောင့် ဒဏ်ငွေရိုက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ်မှာ အိမ်သာသုံးစက္ကူများ ကွင်းအတွင်းပစ်ချမှုနဲ့ ပရိသတ်တစ်ဦးက ကွင်းအတွင်းပြေးဝင်မှုတို့ ဖြစ်ခဲ့ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်က ပွဲစဉ်အပြီး နောက်တစ်ရက်မှာ စည်းကမ်းထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး နှစ်သင်းလုံးကို စွဲချက်တင်ခဲ့ပါတယ်။

play


ယခုအခါ ဥရောပဘောလုံးအဖွဲ့ချုပ်က အာဆင်နယ်ကို ပွဲကစားနေစဉ်မှာ ကွင်းအတွင်း အသင်းပရိသတ် ကျူးကျော်ဝင်ရောက်ခဲ့မှုဖြင့် ယူရို ၅,၀၀၀ ဒဏ်ငွေချမှတ်ခဲ့ပါတယ်။ ထို့အတူ ဘိုင်ယန်မြူးနစ်ကိုလည်း အသင်းပရိသတ်များက ကွင်းအတွင်း အရာဝတ္ထုများ ပစ်ပေါက်မှုဖြင့် ယူရို ၃,၀၀၀ ဒဏ်ငွေရိုက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ်မှာ ဘိုင်ယန်က အာဆင်နယ်ကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၁၀ ဂိုး ၂ ဂိုး ရလဒ်ဖြင့် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

play


အမ်းမရိတ်စ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ဘိုင်ယန်ပရိသတ်တွေက လက်မှတ်ခဈေးကြီးမှုကိုလည်း စာတန်းများကိုင်ဆောင် ဆန္ဒပြခဲ့ပါတယ်။ ပွဲစဉ်အစောပိုင်းမှာလည်း ဘိုင်ယန်ပရိသတ်တွေက အိမ်သာသုံးစက္ကူများကို ကွင်းအတွင်း လွှင့်ပစ်ခဲ့ကြတာကြောင့် ပွဲကစားမှု နှောင့်နှေးခဲ့ရပါတယ်။ ပွဲပြီးဆုံးခါနီးမှာတော့ ပရိသတ်တစ်ဦးက ကွင်းအတွင်း ကျူးကျော်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ