International Sports: ငါးနှစ်အတွင်း ပထမဆုံးအမှတ်ပေးချန်ပီယံဆု ပြန်လည်ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ဘာစီလိုနာက အီဘာကို နောက်ဆုံးပွဲမှာ အနိုင်ရခဲ့ပေမယ့် ချန်ပီယံမဖြစ်ခဲ့ပါဘူး။

ဒီကနေ့ ကစားခဲ့တဲ့ လာလီဂါနောက်ဆုံးပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက မာလာဂါအသင်းကို အမှားအယွင်းမရှိ ကစားပြီး ချန်ပီယံ ဖြစ်ခဲ့ပါပြီ။

 

တစ်ဖက်မှာ ဘာစီလိုနာအသင်းကလည်း အီဘာအသင်းကို ၄-၂ ဂိုး နဲ့ အနိုင်ရရှိခဲ့ပေမယ့် ရီးရဲလ်က်ဒရစ်အသင်းကို မမီနိုင်တော့တာကြောင့် အဆင့်-၂ နေရာနဲ့သာ ကျေပ်နပ်ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက တစ်မှတ်ရရင် ချန်ပီယံဖြစ်ပြီဆိုပေမယ့် ဒီပွဲမှာ အနိုင်ရအောင် လူစုံထုတ်ကြိုးစားခဲ့ပြီး အသင်းအတွက် ဂိုးသွင်းအများဆုံး ရော်နယ်ဒိုက အဖွင့်ဂိုး သွင်းယူခဲ့သလို တိုက်စစ်မှူး ဘန်ဇီမားက ဖြည့်စွက်ပြီး  ဒုတိယဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

ပွဲချိန် ၂ မိနစ်မှာတင် ရီးရဲလ်မက်ဒရစ်အသင်းအဖွင့်ဂိုး စတင်ရရှိခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ကနေ အစ္စကို ဖြတ်ပို့လိုက်တဲ့ဘောလုံးကို ရော်နယ်ဒိုက  ဂိုးသမားကိုပါ ကျော်ဖြတ်ပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ပထမပိုင်းမှာ ရီးရဲလ်မက်ဒရစ် ဂိုးထပ်မသွင်းနိုင်တော့ပေမယ့် ဒုတိယပိုင်းပြန်စပြီး ဆယ်မိနစ်အကြာမှာ ဂိုးထပ်ရခဲ့ပါတယ်။ ထောင့်ကန်ဘောကတဆင့် ဂိုးရခဲ့တာဖြစ်ပါတယ်။

play

 

ဂိုးရဧရိယာထဲ ကျလာတဲ့ထောင့်ကန်ဘောကို နောက်ခံလူ ရာမို့စ်ပိတ်သွင်းရာမှာ မာလာဂါဂိုးသမား ကာမီနီ ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဘန်ဇီမားက ပိတ်သွင်းယူလိုက်တာဖြစ်ပါတယ်။ ဧပြီလအတွင်း ကစားခဲ့တဲ့ အယ်ကလက်စီကို ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ဘာစီလိုနာကို ၂-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ချိန်မှာ ဖိအားအနည်းငယ်ဝင်လာခဲ့ပေမယ့် အသင်းအကောင်းဆုံးပုံစံပြန်ရအောင် နည်းပြဇီဒန်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။

play

 

အဲဒီနောက်ပိုင်းမှာ ရီးရဲလ်မက်ဒရစ်က ခြေမချော်အောင် ထိန်းကစားရင်း ဗလန်စီယာ၊ ဒီပို့တီပို၊ ဂရာနေဒါ၊ ဆီဗီးလ်စတဲ့အသင်းတွေကို အနိုင်ကစားနိုင်ခဲ့ပါတယ်။ အခုဖလား ရပြီးချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက  အမှတ်ပေးချန်ပီယံဆုကို ၃၃ ကြိမ်မြောက် ရရှိခဲ့ပြီဖြစ်ပြီး ဘာစီလိုနာအသင်းထက် ကိုးကြိမ်ပိုများသွားခဲ့ပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း ၂၀၁၁-၁၂ ဘောလုံးရာသီမှာ အမှတ်ပေးချန်ပီယံ နောက်ဆုံးဖြစ်ခဲ့တာဖြစ်ပြီး အခုငါးနှစ်အတွင်း ပထမဆုံးအကြိမ် လာလီဂါချန်ပီယံ ဆုကို ပြန်လည်ရရှိခဲ့တာပါ။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ