International Sports: အာဆင်ဝင်းဂါးနဲ့တွေ့ဆုံဆွေးနွေးခဲ့ဖူးပြီး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာလို့ ဘတ်ပေး ပြော

ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဘတ်ပေးဟာ အာဆင်နယ်အသင်းက ကမ်းလှမ်းခဲ့တာကို ငြင်းပယ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

play

 

အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး ဘတ်ပေးဟာ ပီအက်စ်ဂျီအသင်းကို မပြောင်းရွှေ့မီက အာဆင်နယ်အသင်းက ကမ်းလှမ်းခဲ့ဖူးပြီး အာဆင်ဝင်းဂါးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မိုနာကိုအသင်းရဲ့လူငယ်တိုက်စစ်မှူး ဘတ်ပေးဟာ အာဆင်နယ်အသင်းရဲ့ထိပ်တန်းပစ်မှတ်တစ်ခုဖြစ်ပြီး ဘတ်ပေးက ချန်ပီယံလိဂ်ဝင်ခွင့်မရဘဲ ရာသီကုန်ချိန်မှာ အဆင့် ၅ နေရာမှာသာ ရပ်တည်နေခဲ့တဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

မိုနာကိုအသင်းကို လီဂူးဝမ်းချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဘတ်ပေးဟာ သူ့အနေနဲ့ အာဆင်နယ်အသင်းကို သွားဖို့ဆန္ဒမရှိဘဲ ပြင်သစ်လီဂူးဝမ်းအသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကိုသာ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

"ဟုတ်တယ်။ အာဆင်ဝင်းဂါးနဲ့ ကျွန်တော် တွေ့ဆုံခဲ့ပါတယ်။ သူက အရမ်းတော်တဲ့ နည်းပြတစ်ယောက်ပါ"

"သူက ပြင်သစ်အထိတောင် နာမည်ကျော်ကြားတဲ့ နည်းပြတစ်ဦးပါ။ သူက လူငယ်တွေကို ဘယ်လိုပြုစုပျိုးထောင်ပေးရမလဲဆိုတာ ကောင်းကောင်းသိတဲ့ နည်းပြတစ်ဦးဖြစ်တဲ့အတွက် လူအများက လေးစားကြပါတယ်"

"ဒါက ကျွန်တော့်အတွက် နောက်ထပ်ရွေးချယ်စရာတစ်ခုပေါ့။ ကျွန်တော့်ရဲ့အဓိက ရွေးချယ်စရာက ပီအက်စ်ဂျီအသင်းပါ။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုတွေ အတူတူတိုင်ပင်ခဲ့ပြီး အသင်းတိုင်းရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို ချိန်ဆပြီး ကျွန်တော်လုပ်ဖို့လိုမယ်ထင်တဲ့အရာတစ်ခုကို လုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ"

"အဲဒီဆုံးဖြတ်ချက်ဟာ အချိန်ကာလတစ်ခုအထိ ကြည့်ပြီး ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်ဒီကိုလာပြီး ကျွန်တော့်ရဲ့ခြေစွမ်းတွေ တိုးတက်အောင်ပြုလုပ်ဖို့ ရောက်လာခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။

Postby

 

ဘတ်ပေးဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမစတင်မီအချိန်က ချယ်ဆီးအသင်းမှာ အလည်အပတ်အစီအစဉ်နဲ့ လေ့ကျင့်ရေးလာဆင်းခဲ့ဖူးပြီး ပြင်သစ်စကားပြောဆိုနိုင်တဲ့ ဒရော့ဘာနဲ့ မာလူဒါတို့နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

"အရမ်းကို ထူးခြားကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုပါ။ ကျွန်တော်သွားလည်ပတ်ဖူးတဲ့အသင်းကြီးတွေထဲမှာ ချယ်ဆီးအသင်းက ပထမဆုံးနဲ့ အကြီးမားဆုံး အသင်းကြီးတစ်သင်းပါ။ ကျွန်တော့်အတွက် ဘာဖြစ်ချင်တယ်ဆိုတာကို သေချာရှာဖွေတွေ့ရှိခဲ့တာပါပဲ။ ကျွန်တော်အရင်က ကစားခဲ့တာ အမြစ်တောင်မြင်နိုင်တဲ့ မြက်ပင်ပေါက်လေးတွေနဲ့ ကွင်းလေးပါ။ အပျော်တမ်းကလပ်အသင်းလေးမှာ ကျွန်တော်ကစားခဲ့ပါတယ်။ ချယ်ဆီးအသင်းကိုရောက်တော့ ကမ္ဘာသစ်တစ်ခုကိုရောက်သွားသလိုပါပဲ"လို့ ပြောပြခဲ့ပါတယ်။

 

Source & Photos: Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ