ဒီတစ်ပတ် မန်ယူနဲ့ တွေ့ဆုံရမယ့် ပရီးမီးယားလိဂ်မှာ ရှုံးပွဲကြုံလို့ မဖြစ်ဘူးလို့ ချယ်လ်ဆီးအသင်း ဂိုးသမား ကော့တွစ်စ်က ပြောကြားလိုက်ပါတယ်။

 

ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အဖြစ် မန်ယူနဲ့ ချယ်လ်ဆီးအသင်း တွေ့ဆုံရမှာ ဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးက မန်ယူအသင်းနဲ့ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး တို့လို အမှတ်ပေးဇေယားကို ဦးဆောင်နေတဲ့ အသင်းတွေနဲ့ အမှတ်ကွာဟနေတာကြောင့် ရှုံးပွဲတွေ့လို့မဖြစ်ဘူးလို့ ဂိုးသမား ကော့တွစ်က ပြောခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်း ချန်ပီယံဆု မျှော်လင့်ချက် ဆက်လက်ရှင်သန်ဖို့ ဒီပွဲကအရေးကြီးတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

play

 

အမှတ်ပေးဇယား အဆင့်-၄ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ကိုးမှတ်ကွာဟလျှက်ရှိတဲ့ နည်းပြကွန်တီရဲ့ချယ်လ်ဆီးအသင်းဟာ ဖိအားအနည်းငယ်ရှိနေတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်း ချန်ပီယံ ဆုဆက်ပြီး မျှော်လင့်ဖို့ဆိုရင် ဒီပွဲရှုံးလို့မရဘူးဆိုတာ လက်ခံပါသလား ဆိုတဲ့ မေးခွန်းကို ကော့တွစ်က အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

play

 

“ အမှန်ပါပဲ။ ကျွန်တော်တို့ နိုင်မှရမယ့် ပွဲပါ။ မန်စီးတီးက ကိုးမှတ်သာနေပြီ။ ယူနိုက်တက် လေးမှတ်ကွာနေတယ်။ ဇယားထိပ်ပိုင်းမှာ ဆက်ရှိပြီး အပေါ်အသင်းတွေကို ဖိအားပေးနိုင်ဖို့ ဒီလိုပွဲမျိုးတွေ နိုင်မှ ဖြစ်မှာပါ။ သုံးမှတ်ရဖို့ ကျွန်တော်တို့ ကြိုးစားရပါမယ်”လို့ ဂိုးသမားကော့တွစ်က ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ယူနိုက်တက်က ချယ်လ်ဆီးအသင်း အိမ်ကွင်းမှာ သွားရောက်ကစားရမှာပါ။

 

ရိုးမားအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း သုံးဂိုးပေးခဲ့ရတဲ့အတွက် အမှားများစွာရှိခဲ့တာကို ဝန်ခံကြောင်းနဲ့ အဲဒီက အမှားတွေကို သင်ခန်းစာယူဖို့ နည်းပြကွန်တီဆွေးနွေးလိမ့်မယ်လို့ ကော့တွစ်က ပြောပါတယ်။ ချယ်လ်ဆီးအသင်းမှာ ကွင်းလယ်လူ ကန်တေ ဒဏ်ရာကြောင့် ရိုးမားနဲ့ ပွဲစဉ်မှာ မပါနိုင်ခဲ့သလို လာမယ့် မန်ယူနဲ့ ပွဲစဉ်ကိုလည်း လွဲချော်ဖွယ်ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video