မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀နဲ့ ပထမဆုံး ကစားခဲ့တဲ့ ဆွီဒင်ကလပ် မယ်မိုအသင်းရဲ့ ဆွီဒင် အမှတ်ပေးဖလားကို ကိုင်မြောက်ပေးခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ မယ်မိုလူငယ်အသင်းမှာ ကစားခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ မယ်မိုအသင်းကြီးမှာ စတင်ကစားခွင့်ရခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ အေဂျက်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
မယ်မိုအသင်းဟာ ဆွီဒင်အမှတ်ပေးဖလားကို အကြိမ် ၂၀ မြောက် ရယူနိုင်ခဲ့တာဖြစ်ပြီး ဇလာတန်ဟာ မယ်မိုအသင်း လက်ခံရယူမယ့် ဆုဖလားကို ကိုင်မြောက်ပြီး ကွင်းအတွင်းကို ၀င်ရောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆုဖလားကို မယ်မိုအသင်းခေါင်းဆောင် မားကပ်စ် ရိုဆင်ဘတ်ဆီ လွှဲပြောင်းပေးအပ်ခဲ့ပြီး အသင်းဟောင်းနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။
“ဇလာတန်ဆီကနေ ဆုဖလားကို လက်လွှဲယူရတဲ့ အခိုက်အတန့်ဟာ ကျွန်တော့်အတွက်ကတော့ တကယ့်ကို ထူးခြားတဲ့ အခိုက်အတန့် တစ်ခုပါပဲ။ သူဟာ ဒီကလပ်အတွက်ရော ၊ နိုင်ငံအသင်းအတွက်ပါ မျိုးဆက်သစ်ကစားသမားတွေ စံနမူနာထားရမယ့် ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ဦးပါ” လို့ ရိုဆင်ဘတ်က ပြောကြားခဲ့ပါတယ် ။
အီဘရာဟီမိုဗစ်ဟာ မယ်မိုအသင်းအတွက် ပွဲပေါင်း ၄၀ ပါဝင်ကစားပေးခဲ့ပြီး ၁၆ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဂျူဗင်တပ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ အေစီမီလန်၊ ပီအက်စ်ဂျီအသင်းတို့မှာ အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး ယခုအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကစားပေးနေတဲ့ ကစားသမားဖြစ်ပါတယ်။
Source & Photos: ESPN