play

 

ဘာစီလိုနာအသင်းရဲ့နည်းပြ အားနက်စ်ဗယ်ဗာဒီဟာ ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ပွဲစဉ်မှာ မက်ဆီကို ပထမပိုင်းမှာ အရန်ခုံမှာထိုင်ခိုင်းပြီး ပွဲထွက်ကစားသမားစာရင်းက ချန်လှပ်ထားခဲ့တာဟာ မက်ဆီအနေနဲ့ အနားယူဖို့ လိုအပ်တာကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ဂျူဗင်တပ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ မက်ဆီဟာ ဒုတိယပိုင်း ၅၆ မိနစ်မှာ ဂျရတ်ဒူလိုဖူရဲ့နေရာမှာ ဝင်ရောက်ကစားခဲ့ပြီး ပရိသတ်အများစုက ပထမပိုင်းမှာကတည်းက ထည့်သွင်းအသုံးမပြုခဲ့တာကို အံ့အားသင့်ခဲ့ကြပါတယ်။ မက်ဆီကို ပွဲထွက်ကစားသမားစာရင်းက ချန်လှပ်ထားရခြင်းအကြောင်းအရင်းဟာ စာချုပ်သစ်ကိစ္စနဲ့ပတ်သက်နေတယ်လို့ အများစုက ယုံကြည်ခဲ့ကြပြီး နည်းပြ ဗယ်ဗာဒီကတော့ ဒုတိယပိုင်းမှာ ကစားအားမြှင့်ပြီး တိုက်စစ်ဖွင့်လာနိုင်တဲ့ ဂျူဗင်တပ်အသင်းကို တန်ပြန်ကစားနိုင်ဖို့အတွက် နည်းဗျူဟာအရ ပထမပိုင်းမှာ အနားပေးထားခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

play

 

"မက်ဆီအနေနဲ့ ဒီရာသီမှာ ပွဲပေါင်းများစွာ ကစားခဲ့ပြီးပါပြီ။ ဒီနေ့ပွဲစဉ်မှာတော့ သူ့အနေနဲ့ ဒုတိယပိုင်းမှာ ပါဝင်ကစားတာက ပိုကောင်းမယ်လို့ ကျွန်တော် တွေးမိလို့ပါ။ နောက်တစ်ချက်က ပထမပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် ကစားကွက်ကို အကဲခတ်နေကြပြီး ဒုတိယပိုင်းမှာ ဂျူဗင်တပ်အသင်းက တိုက်စစ်ဖွင့်ကစားလာနိုင်တယ်လို့ တွေးမိလို့ပါ။ အဲဒါက ဘာကြောင့် မက်ဆီကို ပထမပိုင်းမှာ အသုံးမပြုခဲ့တာလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ပြောနိုင်တာအားလုံးပါပဲ"

မက်ဆီအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ကြိုတင်သိရှိနေလားလို့ မေးမြန်းခဲ့တဲ့အခါမှာ ဗယ်ဗာဒီက "ဒါကတော့ ကျွန်တော်တို့ရဲ့အတွင်းရေးကိစ္စပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video