ယနေ့ညမှာ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင်ကစားဖို့ ကျန်ရှိနေတဲ့ ၁၆ သင်းထဲမှာ ၁၆ သင်းအဆင့်အထိ တက်ရောက်နိုင်ဖို့အတွက် ကြိုးစားပမ်းစား ယှဉ်ပြိုင်ကစားသွားရမယ့် အသင်းတွေ အများအပြားရှိနေပါတယ်။

play

 

ရီးရဲလ်မက်ဒရစ် Vs ဒေါ့မွန်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ၁၆ သင်းအဆင့်ကို တက်ရောက်ပြီးသား ဖြစ်နေပါပြီ။ တတိယနေရာမှာရှိတဲ့ ဒေါ့မွန်အသင်းဟာ ၅ ပွဲကစားပြီးချိန်မှာ ရမှတ် ၂ မှတ်နဲ့ အုပ်စုအဆင့်ကနေ ထွက်ခွာပြီးသား ဖြစ်နေတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လူစုံမထုတ်ဘဲ နောက်ပွဲစဉ်တွေအတွက် ချန်ထားပြီး သရေကစားသွားဖို့များနေပါတယ်။

play

 

တော့တင်ဟမ်ဟော့စပါး Vs အာပိုအယ်

လက်ရှိအချိန်မှာ အုပ်စုဗိုလ်ဖြစ်နေတဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ရမှတ် ၂ သာရရှိသေးပြီး အုပ်စုအဆင့်ကနေ နှုတ်ဆက်ပြီးသားဖြစ်နေတဲ့ အာပိုအယ်အသင်းကို အနိုင်ရရှိဖို့ဆိုတာ ရာနှုန်းပြည့်သေချာနေပါတယ်။ ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်အသင်းကို ၃ မှတ်အကွာနဲ့ အုပ်စုဗိုလ်အဖြစ်ရပ်တည်နေတာဖြစ်တဲ့အတွက် ယနေ့ပွဲစဉ်ကို အနိုင်ကစားခဲ့မယ်ဆိုရင် အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ကံဆိုးစွာနဲ့ ရှုံးနိမ့်ခဲ့ရင်တောင် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အုပ်စုဒုတိယအဖြစ်နဲ့သာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

play

 

လီဗာပူး Vs စပါးတပ်မော်စကို

ဒီပွဲစဉ်ကတော့ နှစ်သင်းစလုံး ရေကုန်ရေခမ်း ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်တစ်ပွဲလို့ ဆိုနိုင်ပါတယ်။ အုပ်စုပထမနေရာမှာရှိနေတဲ့ လီဗာပူးအသင်းဟာ ဒုတိယနေရာက ဆီဗီလာအသင်းနဲ့ ၁ မှတ်သာကွာဟနေပြီး ယနေ့ပွဲစဉ်မှာ အနိုင်ကစားမှသာ အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ စပါးတပ်မော်စကိုအသင်းအနေနဲ့လည်း ဒုတိယနေရာက ဆီဗီလာအသင်းနဲ့ ၂ မှတ်သာကွာဟနေတာကြောင့် ယနေ့ပွဲစဉ်ဟာ မဖြစ်မနေ အနိုင်ရလဒ် ရရှိဖို့လိုအပ်နေတဲ့ပွဲစဉ်ဖြစ်ပါတယ်။

play

 

ရှက်တာဒိုးနတ် Vs မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းဟာ အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်ပြီးသားဖြစ်နေပေမယ့် ဒုတိယနေရာမှာရှိနေတဲ့ ရှက်တာဒိုးနတ်အသင်းအတွက်ကတော့ တတိယနေရာက နာပိုလီအသင်းနဲ့ ၃ မှတ်သာ ကွာဟနေပြီး ရဂိုးကလည်း နည်းပါးနေတာကြောင့် ယနေ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းဆီကနေ သရေတစ်မှတ်ရယူနိုင်ဖို့ဆိုတာ အသက်လောက်အရေးကြီးနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

play

 

ပေါ်တို Vs မိုနာကို

မိုနာကိုအသင်းဟာ ၅ ပွဲကစားပြီးချိန်မှာ ရမှတ် ၂ မှတ်နဲ့ ၁၆ သင်းအဆင့်ကို နှုတ်ဆက်ခဲ့ရပြီးဖြစ်ပါတယ်။ ပေါ်တိုအသင်းအနေနဲ့ တတိယနေရာက လိုက်ပ်ဇစ်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ဒုတိယနေရာမှာရပ်တည်နေတာဖြစ်တဲ့အတွက် ယနေ့ပွဲစဉ်မှာ ဂိုးများများနဲ့ မိုနာကိုအသင်းကို အနိုင်ရရှိမှသာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

play

 

လိုက်ပ်ဇစ် Vs ဘီဆစ်ခ်တက်

လိုက်ပ်ဇစ်အသင်းအတွက် အုပ်စုဗိုလ်ဖြစ်တဲ့ ဘီဆစ်တက်အသင်းနဲ့ပွဲစဉ်ဟာ တော်တော်လေးကို ခက်ခဲမယ့်ပွဲစဉ်ဆိုတာ အလွယ်တကူခန့်မှန်းနိုင်ပါတယ်။ အုပ်စုဒုတိယနေရာမှာရှိနေတဲ့ ပေါ်တိုအသင်းနဲ့ ရမှတ်တူနေပေမယ့် ဂိုးကွာခြားချက်နဲ့ တတိယအဆင့်မှာ ရပ်တည်နေရပြီး ယနေ့ပွဲစဉ်မှာ ဘီဆစ်ခ်တက်အသင်းကို အနိုင်ရရှိဖို့လိုအပ်တဲ့အပြင် ဂိုးများများပါ သွင်းယူရမှာဖြစ်တဲ့အတွက် တော်တော်လေး စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲစဉ်ဖြစ်ပါတယ်။

play

 

မာရီဘော Vs ဆီဗီလာ

မာရီဘောအသင်းဟာ ၅ ပွဲကစားပြီးချိန်မှာ ရမှတ် ၂ မှတ်နဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဆီဗီလာအသင်းကတော့ တတိယနေရာက စပါးတပ်မော်စကိုအသင်းကို ၂ မှတ်အသာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေရတာဖြစ်တဲ့အတွက် မာရီဘောအသင်းကို အနိုင်ကစားနိုင်ဖို့ မဖြစ်မနေလိုအပ်နေတာဖြစ်ပါတယ်။

play

 

ဖီယင်နု Vs နာပိုလီ

ဖီယင်နုအသင်းဟာ ၅ ပွဲကစားပြီးချိန်မှာ ရမှတ်တစ်မှတ်မှ မရရှိသေးတဲ့အသင်းဖြစ်ပြီး အုပ်စုကနေ စောစောစီးစီး လှည့်ပြန်ခဲ့ပြီးသားဖြစ်ပါတယ်။ နာပိုလီအသင်းအနေနဲ့ ဒုတိယနေရာက ရှက်တာဒိုးနတ်အသင်းနဲ့ ၃ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေပြီး မျှော်လင့်ချက်တစ်ခုအနေနဲ့ ယနေ့ပွဲစဉ်မှာ ဖီယင်နုအသင်းကို အနိုင်ကစားနိုင်ပြီး မတော်တဆ ရှက်တာဒိုးနတ်အသင်းသာ ရှုံးပွဲတွေ့ခဲ့ရင် အုပ်စုဒုတိယနေရာကနေ ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video