AD
AD
AD

ယနေ့ညနေ ၆ နာရီ ၃၀ မိနစ်မှာ စပိန်လာလီဂါ အယ်ကလက်စီကိုပွဲစဉ်အဖြစ် ရီးရဲမက်ဒရစ်အသင်းရဲ့အိမ်ကွင်း ဘာနေဗျူးမှာ ဘာစီလိုနာအသင်းနဲ့ ရီးရဲမက်ဒရစ်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

play

 

နောက်ဆုံးတွေ့ဆုံထားမှု

ရီးရဲမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ နောက်ဆုံးတွေ့ဆုံမှုအဖြစ် ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့မှာ ဘာနေဗျူးကွင်းမှာပဲ စပိန်စူပါဖလား ဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းရဲ့ အားထားရတဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒို ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပေမယ့် ဘာစီလိုနာအသင်းကို အဆန်စီယို၊ ဘန်ဇီးမားတို့ရဲ့သွင်းဂိုးတွေနဲ့ ၂ ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းက ဘာနေဗျူးကွင်းမှာ စပိန်စူပါဖလားကို ရယူနိုင်ခဲ့ပါတယ်။

 

နှစ်ဖက်အသင်းနည်းပြတွေရဲ့ ပွဲကြိုပြောစကားများ

play

 

"ကျွန်တော်တို့က ဒီပွဲမှာ အနိုင်ရဖို့ အလားအလာအရှိဆုံးဆိုတာ မဟုတ်ပါဘူး။ လိဂ်အဆင့်သတ်မှတ်ချက်က ဒီလိုပွဲမျိုးတွေမှာ လွှမ်းမိုးနိုင်ခြင်းမရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ အယ်ကလက်စီကိုပွဲတိုင်းက အမြဲ တင်းမာမှုတွေ ရှိနေလို့ပါ။ ရီးရဲမက်ဒရစ်အသင်းဟာ အရမ်းကို ကောင်းမွန်တဲ့အသင်းပါ။ ခင်ဗျားအနေနဲ့ အကောင်းဆုံးပုံစံရနေတယ်ဆိုရင်တောင် သူတို့က ခင်ဗျားကို ကောင်းကောင်းနှိပ်ကွပ်သွားနိုင်တယ်။ ပြီးတော့ သူတို့ အိမ်ကွင်းလည်း ဖြစ်နေတယ်လေ"(အာနက်စတိုဗယ်ဗာဒီ)

play

 

"ကျွန်တော်တို့အနေနဲ့ စိုးရိမ်မှုမရှိပါဘူး။ ဒီရာသီမှာ အမှတ်တွေ ဘယ်လောက်ပဲ လျော့နေလျော့နေ ကိစ္စမရှိပါဘူး။ အခု ကျွန်တော်တို့အသင်းက အရမ်းကောင်းတဲ့ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသဖို့ပဲရှိပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ဒီရာသီမှာ ကောင်းကောင်းကစားနိုင်တာပဲဖြစ်ဖြစ်၊ မကစားနိုင်တာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ သူတို့အသင်းက သူတို့ရဲ့ကောင်းမွန်တဲ့ပုံစံနဲ့ အကြောင်းတစ်ခုခုကြောင့် ဇယားထိပ်ဆုံးမှာ ရှိနေပါတယ်။ ကျွန်တော်တို့အသင်းက သူတို့နောက်မှာ ရောက်နေပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ကြားက အမှတ်ကွာဟမှုကို ကျဉ်းမြောင်းစေချင်ပါတယ်။ ကျွန်တော်တို့သာ ကောင်းကောင်းကစားနိုင်ရင် ဘယ်အသင်းကိုမဆို ပြဿနာဖြစ်အောင် လုပ်နိုင်မှာပါ"(ဇီဒန်း)

 

ကမ္ဘာ့အကောင်းဆုံးဆိုတာသက်သေပြရမယ့် ၂၀၁၇ ခုနှစ်ရဲ့ဘလွန်းဒီအော်ဆုရှင် ရော်နယ်ဒို

play

ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယခုနှစ်မှာ အရေးကြီးတဲ့ ဆုတံဆိပ်တွေအားလုံးကို သိမ်းကြုံးရယူထားတဲ့ကစားသမားဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီကတော့ ယခုနှစ်မှာ ဥရောပရွှေဖိနပ်ဆုတစ်ခုတည်းနဲ့ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ယနေ့ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ ခရစ်စတီယာနိုရော်နယ်ဒိုအနေနဲ့ ဂိုးသွင်းယူပြီး ဘလွန်းဒီအော်ဆုနဲ့ ထိုက်တန်ကြောင်း မက်ဆီကိုရော၊ တစ်ကမ္ဘာလုံးကိုပါ ပြသရမယ်ဆိုတဲ့ ဖိအားလည်း ရှိနေပါတယ်။

 

မေ့မထားသင့်တဲ့ အစဉ်အလာ

play

 

ရီးရဲမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ လာလီဂါသမိုင်းကြောင်းတစ်လျှောက်မှာ ပွဲပေါင်း ၁၇၄ ပွဲ တွေ့ဆုံထားပြီး ရီးရဲမက်ဒရစ်အသင်းက ၇၂ ပွဲနိုင် ၃၃ ပွဲသရေရလဒ် ထွက်ပေါ်ထားပြီး ဘာစီလိုနာအသင်းက ၆၉ ပွဲအနိုင်ရရှိထားပါတယ်။ အိမ်ကွင်းအနိုင်ရမှုမှာတော့ ရီးရဲမက်ဒရစ်အသင်းက ၅၂ ပွဲရှိနေပြီး ဘာစီလိုနာအသင်းကတော့ ၄၉ ပွဲသာရှိတာကြောင့် ယနေ့ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ အစဉ်အလာအရဆိုရင် ရီးရဲမက်ဒရစ်အသင်းကပဲ ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားပြီး အနိုင်ရရှိသွားဖို့ အလားအလာပိုရှိနေတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD