play

ယနေ့ညနေ ၆ နာရီ ၃၀ မိနစ်မှာ အယ်ကလက်စီကိုပွဲစဉ်အဖြစ် ဘာနေဗျူးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ တိုက်စစ်မှာ ဘန်ဇီးမားနဲ့ ရော်နယ်ဒိုကို အထောင်ထားပြီး ပွဲထွက်လာခဲ့သလို ဆွာရက်ဇ်နဲ့ မက်ဆီတို့ကို အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ပြီဆိုတာနဲ့ အကြိတ်အနယ်ရှိခဲ့ပြီး ဘာစီလိုနာအသင်းက အပေးအယူအချိတ်အဆက်မိမိနဲ့ ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ရော်နယ်ဒိုအနေနဲ့ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ဘောလုံးကို ချော်ကန်ခဲ့ပြီး ဂိုးမရရှိခဲ့သလို ရီးရဲမက်ဒရစ်အသင်းရဲ့ ကွင်းလယ်ဟာ ယနေ့ပွဲစဉ်မှာ ဘောလုံးဖြန့်ဝေနိုင်ခြင်းမရှိဘဲ အပျက်များနေခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာလည်း ရီးရဲမက်ဒရစ်အသင်း ကစားပုံကောင်းမွန်လာခြင်းမရှိဘဲ တိုက်စစ်မှာ ဘန်ဇီးမားနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးစလုံး ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့ပါဘူး။ ၅၄ မိနစ်မှာ ဆာဂျီရော်ဘတ်တိုရဲ့ပေးပို့မှုကနေတစ်ဆင့် လူးဝစ်ဆွာရက်ဇ်က ပြေးဝင်ပိတ်သွင်းယူပြီး ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

၆၃ မိနစ်မှာ ပေါ်လင်ဟို ခေါင်းတိုက်သွင်းယူလိုက်တဲ့ဘောလုံးကို ရီးရဲမက်ဒရစ်အသင်းရဲ့နောက်ခံကစားသမား ကာဗာဂျယ်က လက်နဲ့ကာကွယ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အနီကတ်နဲ့ထုတ်ပယ်ပြီး ဘာစီလိုနာအသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။ ယင်းပင်နယ်တီကို မက်ဆီက ကန်သွင်းယူပြီး ဘာစီလိုနာအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ တစ်ယောက်လျော့သွားတဲ့အတွက် လူစားလဲလှယ်မှုဆက်တိုက်ပြုလုပ်ခဲ့ပြီး ဘန်ဇီးမား၊ ကက်စမဲရိုး၊ ကိုဗာစစ်တို့ကို ထုတ်ပြီး နာချို၊ အဆန်စီယို၊ ဂါရတ်ဘေးလ်တို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့နောက်တန်းဟာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကို မဟန့်တားနိုင်ခဲ့ဘဲ ဘာစီလိုနာအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှု အကြိမ်များစွာ ပြုလုပ်နိုင်ခဲ့ပေမယ့် ရီးရဲမက်ဒရစ်အသင်းရဲ့ ဂိုးသမား ကေလာနားဗက်စ် လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

၇၇ မိနစ်မှာ မိုဒရစ်ဖန်တီးပေးလိုက်တဲ့ဘောလုံးကို ဂါရတ်ဘေးလ် ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဟန်ချက်ပျက်နေခဲ့ပြီး ဘောလုံးဟာ အားမပါတာကြောင့် ဘာစီလိုနာအသင်းရဲ့ဂိုးသမား တာစတီးဂန်းက ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်မိနစ် ၃ မိနစ် သတ်မှတ်ပေးခဲ့ပြီး ၉၂ မိနစ်မှာ ဆာဂျီရောဘတ်တိုကို ထုတ်ပြီး ဗီဒယ် ဝင်ရောက်ကစားခဲ့ပါတယ်။ ၉၃ မိနစ်မှာ မက်ဆီက တစ်ကိုယ်တော်ထိုးဖောက်ပြီး ပေးပို့ခဲ့တဲ့ဘောလုံးကို ဗီဒယ် အပြင်းကန်သွင်းခဲ့ရာမှာ ရီးရဲမက်ဒရစ်အသင်းရဲ့ဂိုးသမား ကေလာနားဗက် ကာကွယ်ပုံမသေသပ်ခဲ့ဘဲ ဂိုးထဲဝင်သွားခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ပွဲပြီးဆုံးချိန်မှာ ရီးရဲမက်ဒရစ်အသင်းရဲ့အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပြီး ယခုနှစ်လာလီဂါချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video