ယနေ့နံနက် ၂ နာရီ ၂၀ မိနစ်မှာ ကိုပါအီတာလီယာဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အေစီမီလန်အသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ပွဲစဉ်မှာ အေစီမီလန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

အေစီမီလန်အသင်းဟာ တိုက်စစ်မှာ ဆူဆို၊ ကာလီနစ်၊ ဘိုနာဗန်တူရာတို့နဲ့ ပွဲထွက်လာခဲ့ပြီး အင်တာမီလန်အသင်းက အီကာဒီကို အထောင်ထားပြီး ပါရီဆစ်၊ ဂျူအိုမာရီအို၊ ကန်ဒရီဗာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲစတင်ချိန်ကတည်းက အကြိတ်အနယ်ရှိခဲ့ကြပြီး အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ၂၃ မိနစ်မှာ အင်တာမီလန်အသင်းက ထောင့်ကန်ဘောကန်ခွင့်ရရှိခဲ့ပြီး ပါရီဆစ် ကန်သွင်းခဲ့ရာမှာ အေစီမီလန်အသင်းရဲ့ဂိုးသမား ဒွန်နာရမ်မာ ကာကွယ်ရာမှာ ခြေထောက်နဲ့ထိပြီး ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ရုပ်သံအကဲဖြတ်စနစ်ကို ပြန်လည်ကြည့်ရှုပြီး လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့တာကြောင့် အင်တာမီလန်အသင်း ဂိုးရရှိခဲ့ခြင်းမရှိပါဘူး။

play

 

ဒုတိယပိုင်းမှာလည်း အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့ကြပြီး အေစီမီလန်အသင်းရဲ့တိုက်စစ်ကစားသမားတွေဟာ ဂိုးကန်သွင်းမှုအကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ ညံ့ဖျင်းခဲ့ပြီး ဆူဆိုရဲ့ဘီးကုပ်စက်ဝိုင်းထောင့်ကနေ ထောင့်ဖြတ်ကန်သွင်းယူခဲ့တဲ့ဘောလုံးကလည်း ကံဆိုးစွာနဲ့ပဲ တိုင်ထိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းစလုံး ကစားသမားအပြောင်းအလဲတွေ ပြုလုပ်ခဲ့ကြပြီး အေစီမီလန်အသင်းက အဘိတ်၊ လိုကာတယ်လီ၊ ကာလီနစ်တို့ရဲ့နေရာမှာ ကာလာဘရီရာ၊ ကယ်ဟာနိုဂလူ၊ ကူထရုန်နီတို့ ဝင်ရောက်ကစားစေခဲ့ပါတယ်။ အင်တာမီလန်အသင်းကလည်း ဂျူအိုမာရီယို၊ ဂက်ဂလီယာဒီနီ၊ ကန်ဒရီဗာတို့ရဲ့နေရာမှာ ဘော်ဂျာဗလယ်ရို၊ ဘရိုဇိုဗစ်၊ အီဒါတို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။

play

ယနေ့ပွဲစဉ်မှာ အေစီမီလန်အသင်းရဲ့ဂိုးသမား ဒွန်နာရမ်မာဟာ အင်တာမီလန်အသင်းရဲ့ တစ်ဦးချင်းကန်သွင်းမှု၊ အဝေးကန်သွင်းချက်တွေကို အကောင်းဆုံးလက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့သာ အေစီမီလန်အသင်း ဂိုးမပေးရတာဖြစ်ပါတယ်။ ဒုတိယပွဲကစားချိန်ပြည့်တဲ့အချိန်မှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိသရေဖြစ်နေခဲ့တာကြောင့် အချိန်ပို ဆက်လက်ကစားခဲ့ရာ အချိန်ပို ပထမပိုင်း ၁၀၄ မိနစ်မှာ ဆူဆိုရဲ့အကွက်မြင်မြင် ဖန်တီးပေးပို့လိုက်တဲ့ဘောလုံးကို ကူထရုန်နီက ဂိုးသမားနဲ့ တစ်ဦးချင်းကန်သွင်းယူခဲ့ပြီး အေစီမီလန်အသင်းက အဖွင့်ဂိုး ရရှိခဲ့ပါတယ်။

play

အချိန်ပို ဒုတိယပိုင်းမှာ အင်တာမီလန်အသင်းက ထိရောက်တဲ့တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့တာကြောင့် အချိန်ပို ဒုတိယပိုင်းပြီးဆုံးချိန်မှာ အေစီမီလန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

Photos: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video