AD
AD
AD

လာလီဂါမှာ ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ရှုံးပွဲတစ်ပွဲသာရှိပါတယ်။ အဲဒီ ရှုံးပွဲကလည်း အက်စ်ပန်ညိုအသင်းကို အရေးနိမ့်ခဲ့တဲ့ စပိန်ကိုပါဒယ်ရေးဖလားပွဲမှာ ဖြစ်ပြီးတော့ ဒုတိယအကျော့မှာ ပြန်လည်အနိုင်ယူပြီး နောက်တဆင့်ကို တက်ရောက်ဖို့ အခွင့်အရေးရှိတဲ့ပွဲမှာ အရေးနိမ့်ခဲ့တာပါ။ အခုဆိုရင် ဘာစီလိုနာအသင်းဟာ အမှတ်ပေးဇယားထိပ်မှာ ဒုတိယနေရာက အက်သလက်တီကိုအသင်းကို ၁၁ မှတ်ဖြတ် ဦးဆောင်ထားသလို စပိန်ဘုရင့်ဖလားပွဲမှာလည်း ဗိုလ်လုပွဲထိ ရောက်ရှိနေပြီး ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါပြီ။ ဘာစီလိုနာအသင်းအနေနဲ့ ဖလား(၃)လုံး မျှော်လင့်ချက်ကို အသက်သွင်းနေဖို့ အခွင့်အရေးရှိနေတာဖြစ်ပြီးတော့ ရာသီအဆုံးသတ်မှာ တကယ်ပဲ ရရှိသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ရာကောင်းလာပါတယ်။ ဒါပေမယ့်လည်း အောက်ဖော်ပြမယ့် အချက် (၅) ချက်ကတော့ ဘာစီလိုနာအသင်းရဲ့ ချန်ပီယံလိဂ်ဖလားမျှော်လင့်ချက်ကို အဆုံးသတ်သွားစေတဲ့ အားနည်းချက်တွေ အဖြစ် ရှိလို့နေပါတယ်။ ဘယ်လိုအချက်တွေများ ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်လား။

 

(၁) အရံအင်အားတောင့်တင်းမှု မရှိခြင်း

play

 

ဘာစီလိုနာအသင်းရဲ့ ပွဲထွက်ကစားသမား ၁၁ ယောက်က တောင့်တင်းမှု အပြည့်ရှိပေမယ့် အရံခုံက ကစားသမားတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ စိုးရိမ်ဖွယ်ရာပါပဲ။ ကော်တင်ဟိုက ချန်ပီယံလိဂ်ပွဲ ကစားခွင့်မရပဲနဲ့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ဟာ အသက် ၃၃ နှစ် အရွယ် အသင်းခေါင်းဆောင် အင်နီယေစတာအပေါ်မှာ မှီခိုနေရပါတယ် ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ ဂျိမ်းစ်ရိုဒရီဂွက်နဲ့ မိုရာတာတို့ကို ရောင်းထုတ်ပြီးနောက်ပိုင်း အရံအင်အားမပြည့်ဝတဲ့ ပြသနာကို ရင်ဆိုင်နေခဲ့ရပြီးတော့ ရလာဒ်တွေ ဆိုးဝါးခဲ့ပါတယ်။ ဘာစီလိုနာ အသင်းအနေနဲ့လည်း ဒီလိုမျိုးပြသနာကို ရင်ဆိုင်လာရဖွယ်ရှိနေပြီးတော့ အဓိကကစားသမားတွေထဲက ဒဏ်ရာအနာတရရှိတာမျိုးနဲ့ ကြုံတွေ့ရမယ်ဆိုရင်တော့ သူတို့ရဲ့ ချန်ပီယံလိဂ်ဖလား မျှော်လင့်ချက်ဟာ နိဠိတံသွားနိုင်ပါတယ်။

 

(၂) ကွင်းလယ်ပိုင်း ဖန်တီးမှုအားနည်းခြင်း

play

 

ရာကီတစ်က ဘာစီလိုနာ ကွင်းလယ်လူတွေထဲမှာ ဂိုးဖန်တီးပေးနိုင်မှု အများဆုံးအဖြစ် (၅) ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။ ဒါကပြိုင်ပွဲစုံမှာပါ၊ ဒီလူစာရင်းထဲမှာတော့ မက်ဆီကို ကွင်းလယ်ပိုင်းအနေနဲ့ ထည့်သွင်းထားခြင်း မရှိပါဘူး။ လက်ရှိ ဘာစီလိုနာအသင်းဟာ နောက်တန်းအစွန်လူတွေရဲ့ ဖန်တီးပေးမှုတွေကို အဓိကအားပြုနေရပါတယ်။ ပြီးတော့ မက်ဆီ၊ ဆွာရက်တို့ရဲ့ တစ်ဦးကိုတစ်ဦး ဖန်တီးပေးမှုတွေကိုလည်း အားကိုးနေရတာပါ။ ချယ်လ်ဆီးနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဘာစီလိုနာကွင်းလယ်ပိုင်းရဲ့ အားနည်းချက်တွေကို မြင်တွေ့ခဲ့ရပြီးတော့ ပေါ်လင်ဟိုက အသင်းရဲ့ ကစားကွက်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဘက်ကွက်စ်ကတော့ ခံစစ်ပိုင်းကို အဓိကအားပြုပြီး ကစားပေးနေခဲ့တာကြောင့် သူ့ဆီက ဖန်တီးပေးပို့မှုတွေကို အရမ်းကြီးမျှော်လင့်လို့ မရတာတော့ သေချာပါတယ်။ ဗယ်လ်ဗာဒီ လက်ထက်မှာတော့ ဘာစီလိုနာအသင်းရဲ့ ဂိုးသွင်းနှုန်းအား သိသိသာသာကျဆင်းလာခဲ့ပြီးတော့ ပြီးခဲ့တဲ့နှစ်က လိဂ်ပွဲမှာ တစ်ပွဲပျှမ်းမျှ ၃ ဂိုးသွင်းယူနိုင်ခဲ့ရာကနေ ဒီနှစ်မှာတော့ ၂.၅၅ ဂိုးလောက်ပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ ကွင်းလယ်ပိုင်းက ပံ့ပိုးမှုတွေကို လိုအပ်သလောက် မရရှိမှုကြောင့်ဖြစ်ပြီးတော့ ဒီအချက်ကလည်း ချန်ပီယံလိဂ်လမ်းကြောင်းပေါ်က သွေဖယ်သွားစေနိုင်ပါတယ်။

 

(၃) ဆွာရက်ဇ် ရုန်းကန်နေရခြင်း

play

 

လူးဝစ်အင်းနရစ်လက်ထက်မှာ ၄-၃-၃ ကစားကွက်ကို အခြေပြုပြီး ဆွာရက်ဇ်ဟာ တောင်ပံတွေမှာ ထွက်ဆော့ခဲ့ရပါတယ်။ ဗယ်လ်ဗာဒီရဲ့ ကစားကွက်မှာတော့ တိုက်စစ်ကစားသမားတွေဟာ တိုက်စစ်မြှားဦးမှာပဲ ဆော့ကစားခဲ့ရပြီးတော့ တောင်ပံတွေကို ထွက်တာမျိုး မရှိတော့ပါဘူး။ အထူးသဖြင့် ဆွာရက်ဇ်ဟာ ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ဂိုးမှ သွင်းယူထားနိုင်ခြင်း မရှိသေးပါဘူး။ သူ့ရဲ့ ကစားချိန်က စုစုပေါင်း မိနစ် ၇၀၀ ကျော် ရှိခဲံပါတယ်။ ဒါ့အပြင် လာလီဂါမှာလည်း ဆွာရက်ဇ်ဟာ ရုန်းကန်ခဲ့ရပြီးတော့ လိဂ်ပြိုင်ပွဲ ၁၁ပွဲမှာ ၃ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ ၂၉ ပွဲကစားပြီး ၂၁ဂိုး သွင်းယူထားပြီးပါပြီ။ အမှတ်ပေးပွဲမှာတော့ သူ့ရဲ့ ဂိုးသွင်းနှုန်းက ပြန်လည်တိုးတက်လာတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်လောက်က ဆွာရက်ဇ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးအဖြစ် သူ့ကိုယ်သူ တည်ဆောက်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ဆွာရက်ဇ်အနေနဲ့ ချန်ပီယံလိဂ်မှာ သူ့အတွက် သွင်းဂိုးတွေ သွင်းယူပြဖို့ လိုအပ်နေခဲ့ပါပြီ။

 

(၄) မက်ဆီအပေါ် အလွန်အမင်းအားကိုးနေရမှု

play

 

ဘာစီလိုနာရဲ့ အဓိကပြသနာက ဒါပါပဲ။ အရံအင်အားမတောင့်တင်းဘူး၊ ကွင်းလယ်ပိုင်းက ဖန်တီးနိုင်မှု ကျဆင်းလာတယ်၊ ဆွာရက်ဇ်က ရုန်းကန်နေရတယ်။ ဒီအချိန်မှာ မက်ဆီက သူ့ရဲ့ သွင်းဂိုးတွေနဲ့ ဘာစီလိုနာကို ဆွဲတင်နေခဲ့တာပါ။ အရာအားလုံးက သူ့ရဲ့ ပခုံးပေါ်မှာ လုံးလုံးလျားလျားကြီး ကျရောက်နေခဲ့တာလို့ ပြောရပါလိမ့်မယ်။ ကော်တင်ဟိုမကစားနိုင်ဘူး။ ဒါက ပြသနာမရှိသေးပါဘူး။ မက်ဆီကို ဖန်တီးပေးဖို့ပဲ လိုတာပါ။ ဒါဆိုရင် ကွင်းလယ်ပိုင်းက ဖန်တီးပေးနိုင်မှု ကျဆင်းနေတယ်။ ဒါလည်း ပြသနာမရှိသေးပါဘူး။ မက်ဆီအနေနဲ့ ဘောလုံးအတူ အတွင်းထဲအထိ ဆွဲဝင်နိုင်ပါသေးတယ်။ ဆွာရက်ဇ် ဂိုးမသွင်းနိုင်သေးတာလည်း ပြသနာမရှိပါဘူး။ အဓိက ပြသနာက မက်ဆီသာ ဒဏ်ရာရသွားခဲ့ရင်ဆိုတဲ့ ပြသနာပါပဲ။ ဒီအတွက် အဖြေက အခုထိ မရှိသေးပါဘူး။ ဒီဇင်ဘာလတုန်းက ကစားခဲ့တဲ့ အယ်ကလက်စီယို ပွဲစဉ်မှာ ရီးရဲလ်ကွင်းလယ်လူ ကိုဗာချစ်ဟာ မက်ဆီကို လူကပ်ကစားပြီးတော့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ ပထအကျော့ပွဲစဉ်မှာလည်း အန်ဂိုလိုကန်တီဟာ မက်ဆီကို ဇုန်အလိုက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကစားသမားတစ်ယောက်တည်းအပေါ် အရမ်းကြီး မှီခိုနေရပြီဆိုရင်တော့ ဒါဟာ ကောင်းတဲ့ လက္ခဏာတော့မဟုတ်တော့ပါဘူး။ အပေါ်က ပြောခဲ့သလိုပဲ မက်ဆီသာ မကစားနိုင်ခဲ့ဘူး၊ ခြေစွမ်းမပြနိုင်ဘူးဆိုရင်တော့ ချန်ပီယံလိဂ်ဖလားရရှိဖို့အတွက် ဘာစီလိုနာရဲ့ အားထုတ်မှုဟာ လမ်းတစ်ဝက်မှာတင် ပြီးဆုံးသွားပါလိမ့်မယ်။

 

(၅) ပြိုင်ဘက်ကောင်းတွေ ရှိနေသေးတယ်

play

 

ယာဂင်ကလော့ပ်၊ ပက်ဂွာဒီယိုလာ၊ ဂျက်ပ်ဟေးနက်ခ်၊ အယ်လီဂရီတို့လိုမျိုး နည်းပြကောင်းတွေ ချန်ပီယံလိဂ်လမ်းကြောင်းပေါ်မှာ ဆက်လျှောက်နေဆဲပါ။ ဒီအသင်းတွေဟာ သူတို့ရဲ့ ဒီနှစ်ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်မှာတော့ ဘာစီလိုနာအသင်းက ရိုးမားနဲ့ ရင်ဆိုင်ရမှာပါ။ ဒါပေမယ့်လည်း ဒီအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင်မှ ဆီမီးဖိုင်နယ်မှာတော့ မန်စီးတီး၊ ဘိုင်ယန်တို့လို အသင်းတွေနဲ့ ရင်ဆိုင်ရဖို့က ရှိနေပါတယ်။ ဒါက ဘာစီလိုနာအတွက် လွယ်ကူတဲ့ ခရီးစဉ်မဟုတ်တာတော့ သေချာပါတယ်။ ဒါ့အပြင် ဖော်ပြပါ နည်းပြတွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အတွေ့အကြုံရင့်ကျက်နည်းပြတွေဖြစ်ပြီးတော့ မန်စီးတီးအသင်းဆိုရင် ဘာစီလိုနာအကြောင်းကို ကောင်းကောင်းကြီးကျေညက်နေတဲ့ ဂွာဒီယိုလာက ကိုင်တွယ် နေတာပါပဲ။ ဒီလို ပြိုင်ဘက်ကောင်းတွေကလည်း ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ လွင့်စင်သွားအောင် ကောင်းကောင်းကြီး လုပ်နိုင်စွမ်းရှိနေတာပါ။

Source : sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD