AD
AD
AD

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့က လအနည်းငယ်ပဲ လိုပါတော့တယ်။ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းနိုင်ဖို့အတွက် အသင်းပေါင်း ၃၂သင်းဟာ တိုက်ပွဲဝင်တော့မှာဖြစ်ပြီးတော့ နိုင်ငံအသင်းရဲ့ ဂုဏ်ကိုဆောင်နိုင်ဖို့အတွက် အားထုတ်ကြိုးပမ်းကြမှာလည်း ဖြစ်ပါတယ်။ မတူညီတဲ့ နိုင်ငံအသီးသီးက ကစားသမားတွေရဲ့ ခြေစွမ်းတွေကိုလည်း မြင်တွေ့ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားသမိုင်းမှာ ဆိုရင်လည်း အာဖရိကနိုင်ငံများမှ ကစားသမားတွေဖြစ်တဲ့ ရော်ဂျာမီလာ၊ အဆာမိုဂျန် နဲ့ ဒရော့ဘာတို့လို ကစားသမားတွေဟာ သူတို့ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ပြိုင်ပွဲဝင်ခဲ့ကြပြီး အားလုံးရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်။ အခုနှစ်မှာ ဆိုရင်လည်း နိုင်ဂျီးရီးယား၊ ဆီနီဂေါ နဲ့ အီဂျစ်တို့လို အသင်းတွေ ခြေစစ်ပွဲအောင်မြင်ခဲ့တာမို့ ဘယ်ကစားသမားတွေက ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အာဖရိကကစားသမားတွေထဲက စောင့်ကြည့်ရမယ့် ကစားသမား (၅)ဦးကို ဖော်ပြလိုက်ပါတယ်။

 

(၁) အီယန်နာချို (နိုင်ဂျီးရီးယား)

play

 

အသက် (၂၁) နှစ်အရွယ်သာ ရှိသေးတဲ့ နာချိုဟာ စူပါအီးဂဲလ်လို့ နာမည်ပြောင်ရ နိုင်ဂျီးရီးယားအသင်းအတွက် ကမ္ဘာ့ဖလားမှာ အားကိုးရမယ့် တိုက်စစ်မှူးတစ်ဦး ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားအသင်းရဲ့ တိုက်စစ်မှာ အီဂါလို၊ နာချို နဲ့ ဗစ်တာမော့ဆက်တို့ သုံးဦးဟာ ခွဲခြားမရတဲ့ တိုက်စစ်အစုအဖွဲ့ ရှိနေပြီးတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကလပ်အသင်းမှာ ထင်သလောက် ခြေစွမ်းမပြနိုင်သေးတဲ့ လက်စတာစီးတီး ကစားသမားဟာ နိုင်ငံအသင်းအတွက်တော့ နောက်ဆုံး ၁၃ပွဲမှာ ၉ ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားအတွက် အားကိုးရမယ့် တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ ထိပ်တန်း တိုက်စစ်မှူးတွေနဲ့ အတူကစားခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံတွေက နိုင်ဂျီးရီးယားအသင်းအပေါ်ကို နာချို အနေနဲ့ ဘယ်လောက်ထိ အကျိုးပြုနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

 

၂။ ကူလီဘလီ (ဆီနီဂေါ)

play

 

နာပိုလီအသင်းရဲ့ ခံစစ်တံတိုင်းမှာ မာကျောမှုအပြည့်နဲ့ ခြေစွမ်းပြနေခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ နာပိုလီအသင်းအတွက် နှစ်ပေါင်း (၃၀)အတွင်း စီးရီးအေဆုဖလားကို ပြန်လည်ရရှိဖို့ ကြိုးစားမှုမှာ ကူလီဘလီရဲ့ ခြေစွမ်းကိုလည်း မေ့လျော့ထားလို့ မရပါဘူး။  အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် မိုဟာမက်ဆာလာနဲ့ အပြိုင် ရွေးချယ်ယှဉ်ပြိုင်ခံခဲ့ရပြီး ဆာလာကို အရေးနိမ့်ခဲ့ပေမယ့် ကူလီဘလီရဲ့ အရည်အသွေးက အသိအမှတ်ပြုမှုတွေနဲ့ ထိုက်တန်ခဲ့ပါတယ်။  ဥရောပအသင်းကြီးများစွာကလည်း ကူလီဘလီကို ခေါ်ယူဖို့အတွက် စိတ်ဝင်တစားစောင့်ကြည့်နေကြပြီး နွေရာသီမှာ ကူလီဘလီအနေနဲ့ ဘယ်အသင်းကို ရောက်ရှိသွားမလဲဆိုတာလည်း စောင့်ကြည့်ရမှာပါ။ ဆီနီဂေါအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့မှုမှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ ကူလီဘလီဟာ လာမယ့် ကမ္ဘာ့ဖလားမှာလည်း ဘယ်လောက်ထိ ခြေစွမ်းပြနိုင်မလဲဆိုတာကို စောင့်ကြည့်ခံနေရပြီလည်း ဖြစ်ပါတယ်။

 

(၃) ဆာဒီယိုမာနေး (ဆီနီဂေါ)

play

 

၂၀၀၂ ခုနှစ်မှာ နာမည်ကျော်ကြားခဲ့တဲ့ ဆီနီဂေါတိုက်စစ်မှူးဟောင်း ဒီအော့ဖ်နောက်ပိုင်း မာနေးဟာ ဆီနီဂေါရဲ့မျှော်လင့်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဆီနီဂေါအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြနေခဲ့ပြီးတော့ နိုင်ငံအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ အရောက်ပို့နိုင် ခဲ့ပြီး လာမယ့်ပြိုင်ပွဲမှာလည်း ဘယ်လောက်ထိ ပေးဆပ်သွားနိုင်မလဲဆိုတာကို အားလုံးက စောင့်ကြည့်နေကြပါတယ်။ အသက် (၂၅) နှစ်အရွယ်သာ ရှိနေသေးတဲ့ တောင်ပံတိုက်စစ်သမားဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေခဲ့ပြီးတော့ လီဗာပူးလ်အသင်းရဲ့ အမာခံ ကစားသမားအဖြစ် ရပ်တည်နေခဲ့ပါတယ်။ ဆီနီဂေါအသင်းအတွက် ၂၀၀၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားရည်မှန်းချက်မှာ မာနေးက အဓိကကစားသမားအဖြစ် ပရိသတ်များက ယူဆနေကြပြီး လီဗာပူးလ်မှာ ပြသနေခဲ့တဲ့ ခြေစွမ်းကို ဆက်လက်ပြသဖို့လည်း မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။

 

(၄) အဲလက်စ်အီဝိုဘီ (နိုင်ဂျီးရီးယား)

play

 

အာဆင်နယ်လူငယ်ကစားသမားလေးအတွက်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေမှာ အမှန်ပါပဲ။ အီဝိုဘီရဲ့ ဘောလုံးမျိုးဆက်ကလည်း မခေလှပါဘူး။ ကမ္ဘာကျော်ကစားသမားဖြစ်ခဲ့တဲ့ ဂျေဂျေအိုကိုချာဟာ သူ့ရဲ့ ဦးလေးဖြစ်ပြီးတော့ အီဝိုဘီအနေနဲ့ ဦးလေးရဲ့ ခြေရာကို လိုက်နင်းနိုင်ဖို့လည်း နိုင်ဂျီးရီးယားပရိသတ်က မျှော်လင့်နေကြပါတယ်။ အသက် (၁၇) နှစ်အရွယ်မှာပဲ နိုင်ဂျီးရီးယားအတွက် ပွဲထွက်ခွင့်ရခဲ့ပြီးတော့ နိုင်ငံအသင်းအတွက် နောက်ဆုံးလေးပွဲမှာ နှစ်ဂိုးသွင်းပြီး တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဘောလုံးဆွဲပြေးရမှာ ကျွမ်းကျင်ပြီး လျှင်မြန်မှုကို အားပြုကစားတတ်တဲ့ အီဝိုဘီကလည်း နိုင်ဂျီးရီးယားအတွက် ကမ္ဘာ့ဖလားမျှော်လင့်ချက်တွေထဲမှာ တစ်စိတ်တစ်ပိုင်းပါဝင်နေခဲ့ပါတယ်။

 

(၅) မိုဟာမက်ဆာလာ (အီဂျစ်)

play

 

အာဖရိကအကောင်းဆုံးကစားသမားဆုကို ခြွင်းချက်မရှိ ရယူခဲ့ပြီးတော့ ကစားသမားဘ၀အကောင်းဆုံးခြေစွမ်းကို ဆာလာက ပိုင်ဆိုင်ထားပါတယ်။ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြနေခဲ့ပြီး ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်ကို အချိန်တိုအတွင်း ရောက်ရှိလာခဲ့တဲ့ ဆာလာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စောင့်ကြည့်အခံရဆုံး ကစားသမားတစ်ဦး ဖြစ်လာဖို့ ရှိနေပါတယ်။ အီဂျစ်အသင်းရဲ့ မှော်ဆန်တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှုမှာ ဆာလာက အရေးအကြီးဆုံး ပယ်နယ်တီသွင်းဂိုးကို သွင်းယူပေးခဲ့ပြီးတော့ အီဂျစ်ကို ရုရှမြေကို သွားရောက်နိုင်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု၊ ဥရောပရွှေဖိနပ်ဆုတို့ကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးဖြစ်နေခဲ့တဲ့ ဆာလာအနေနဲ့ ကမ္ဘာ့ဖလားမှာလည်း ဘယ်လောက်ထိ ခြေစွမ်းပြနိုင်ဦးမလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေခဲ့ပါပြီ။

Source : sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD