AD
AD
AD

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အယ်လ်ကလက်စီယိုပွဲစဉ်မှာတော့ တစ်ဖက်ကို (၂) ဂိုးစီနဲ့ သရေပွဲအဖြစ် ပြီးဆုံးခဲ့ပါတယ်။ ဘာစီလိုနာအတွက်တော့ လိဂ်ပွဲ (၃၅) ပွဲ ရှုံးပွဲမရှိသေးတာဖြစ်ပြီးတော့ ရာသီကုန်မှာ ရှုံးပွဲမရှိစံချိန်နဲ့ လာလီဂါဆုဖလားကို ရယူဖို့ အခက်ခဲဆုံးပြိုင်ဘက်နဲ့ ရင်ဆိုင်အပြီးမှာ အခွင့်အလမ်းပိုမိုကောင်းမွန်လာခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ ဆုဖလားရရှိပြီး ဖြစ်ပေမယ့်လည်း ရှုံးပွဲမရှိစံချိန် ရရှိဖို့အတွက် အိမ်ကွင်းမှာ အားထုတ်ကြိုးပမ်းခဲ့သလို ရီးရဲလ်ကလည်း မဟာပြိုင်ဘက်အသင်းရဲ့ စံချိန်တင် ဆုဖလားဆွတ်ခူးမှုအပေါ်မှာ အနှောင့်အယှက်ပေးဖို့အတွက် အကောင်းဆုံးလူစာရင်းနဲ့ ပွဲထုတ်ယှဉ်ပြိုင်ခဲ့ပြီး အကြိတ်အနယ်ရှိခဲ့တဲ့ အယ်လ်ကလက်စီယိုပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်မို့ အဆိုပါပွဲစဉ်အပြီးမှာ ပြောစရာဖြစ်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို Duwun Sports ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ကံကောင်းခဲ့တဲ့ ဂါရတ်ဘေးလ်

play

 

ပထမပိုင်းနာကျင်အချိန်ပိုမှာ ရီးရဲလ်တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ ဘာစီလိုနာ နောက်ခံလူ အမ်တီတီကို ခြေထောက်နဲ့ ဆောင့်နင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီး ဟာနန်ဒက်ဇ်ကတော့ ဘေးလ်ကို ဘယ်လိုအရေးယူမှုမျိုးမှ မပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ဂါရတ်ဘေးလ်ရဲ့ အပြုအမူဟာ တော်တော်လေးပြင်းထန်းလွန်းပြီးတော့ တိုက်ရိုက်အနီကတ် ထိနိုင်တဲ့အထိ ဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဘေးလ်အတွက်ရော၊ ရီးရဲလ်အတွက်ပါ ကံကောင်းခဲ့ရပါတယ်။ တကယ်လို့သာ ဂါရတ်ဘေးလ်အနေနဲ့ အနီကတ်ထိခဲ့မယ်ဆိုရင်တော့ ရီးရဲလ်အနေနဲ့ အယ်လ်ကလက်စီယိုပွဲစဉ်မှာ ရှုံးပွဲတစ်ပွဲနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

၂။ ဖိုက်တာကြီးဖြစ်နေဆဲ ဆာဂျီယိုရာမို့စ်

play

 

ရီးရဲလ်မက်ဒရစ်မှာ (၁၃) နှစ်ကြာ ကစားနေခဲ့တဲ့ ရာမို့စ်ဟာ သူ့ရဲ့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့ နိုင်လိုစိတ်ပြင်းထန်မှုတို့ကို ပေါင်းစပ်ပြီးတော့ ကွင်းထဲမှာ အမြဲတမ်းတက်ကြွနေတဲ့ ပုံစံကို ပြသနေခဲ့သူ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟာ မက်ဒရစ်အတွက် ၅၆၁ပွဲအထိ ကစားပေးထားခဲ့တာဖြစ်ပြီးတော့ အသင်းရဲ့ဂိုးသမားဟောင်း ကာဆီးလက်စ် (၇၂၅)ပွဲ၊ တိုက်စစ်မှူး ရာအူးလ် (၇၄၁)ပွဲ တို့ရဲ့နောက်မှာ ပွဲအများဆုံးကစားပေးထားတဲ့ ကစားသမားစာရင်းမှာ ရပ်တည်နေခဲ့သူဖြစ်ပါတယ်။ အသင်းခေါင်းဆောင်အဖြစ် ကွင်းအတွင်းမှာ တာဝန်ယူထားရတဲ့ ရာမို့စ်ဟာ ပြိုင်ဘက်အသင်းနဲ့ မိမိအသင်း ကစားသမားတွေ အချေအတင်ဖြစ်နေချိန်ဆိုရင်တော့ ရုတ်ခြည်းဆိုသလို ရောက်ရှိလာပြီး အသင်းသားတွေရှေ့က မားမားမတ်မတ်ရပ်တည်ပေးသူလည်း ဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ အယ်ကလက်စီကိုပွဲစဉ်မှာလည်း ရာမို့စ်ဟာ ပြိုင်ဘက်တိုက်စစ်မှူး ဆွာရက်ဇ် နဲ့ အငြင်းပွားမှုတွေဖြစ်ခဲ့ပါသေးတယ်။

 

၃။ တောက်ပနေဆဲ စီရော်နယ်ဒို

play

 

အယ်လ်ကလက်စီကို ပွဲစဉ်မှာတော့ စီရော်နယ်ဒိုဟာ အသင်းအတွက် သွင်းဂိုး (၁)ဂိုး ရယူပေးခဲ့ပြီး ဂန္ထ၀င်တိုက်စစ်မှူးကြီး ဒီစတီဖာနိုရဲ့ အယ်လ်ကလက်စီကိုပွဲတွေမှာ ရယူနိုင်ခဲ့တဲ့ သွင်းဂိုး (၁၈) ဂိုး စံချိန်ကို လိုက်မှီခဲ့ပြီ ဖြစ်ပါတယ်။ စီရော်နယ်ဒိုအတွက်တော့ ဒါဟာ ဂုဏ်ယူစရာ စံချိန်မှတ်တမ်းတစ်ခုဖြစ်လာခဲ့ပြိး လာမယ့်ဘောလုံးရာသီမှာ ကစားရမယ့် အယ်လ်ကလက်စီကိုပွဲစဉ်မှာ တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့ရင်တော့ ဒီစတီဖာနိုရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

 

၎။ ကာတာလိုနီးယားအတွက်ရှားပါးခဲ့တဲ့ အနီကတ်ပြစ်ဒဏ်

play

 

ဘာစီလိုနာကတော့ ပုံမှန်အားဖြင့် အနီကတ်ပြစ်ဒဏ်ကို ရရှိလေ့ရှိတဲ့အသင်းမဟုတ်ပါဘူး။ အချက်အလက်များအရဆိုရင်တော့ အယ်လ်ကလက်စီကိုပွဲစဉ်မတိုင်ခင်မှာ ဘာစီလိုနာအသင်းအနေနဲ့ အိမ်ကွင်းမှာ အနီကတ်ပြစ်ဒဏ် နောက်ဆုံးရရှီခဲ့မှုအဖြစ် လွန်ခဲ့တဲ့ (၃) နှစ်က ဖြစ်ပြီးတော့ အီဘာအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ မာရှေရာနိုက အနီကတ်ထိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း (၃) နှစ်ကြာမြင့် အပြီးမှာတော့ ဆာဂျီရောဘတ်တိုက အယ်လ်ကလက်စီကိုပွဲစဉ်မှာ အနီကတ်ထိခဲ့ပြီးတော့ (၃) နှစ်အတွင်း ဒုတိယအကြိမ်မြောက် အနီကတ်ထိခဲ့မှုလို့လည်း သိရပါတယ်။

 

၅။ နှစ်ဦးပေါင်း သွင်းဂိုး (၁၀၀၀) ပြည့်ခဲ့ပြီ

play

 

လီယွန်နယ်မက်ဆီနဲ့ စီရော်နယ်ဒိုဟာ အပြိုင်အဆိုင်အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့ ကစားသမားတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ သူတို့နှစ်ဦးဟာ သွင်းဂိုးတွေ၊ စံချိန်တွေ၊ ဆုဖလားတွေအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီးတော့ လက်ရှိအချိန်ထိ သူတို့ရဲ့ ပြိုင်ဆိုင်မှုက မယုတ်လျော့သေးတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့နှစ်ဦးဟာ ဘာစိလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်အတွက် အသီးသီး ဂိုးတွေသွင်းယူပေးခဲ့တာ နှစ်ဦးပေါင်း သွင်းဂိုး (၁၀၀၀) ပြည့်ခဲ့ပြီလို့သိရပါတယ်။ မက်ဆီကတော့ ဘာစီလိုနာအတွက် သွင်းဂိုး ၅၅၁ဂိုး ရယူနိုင်ခဲ့ပြီး စီရော်နယ်ဒိုကတော့ ရီးရဲလ်အတွက် ၄၄၉ ဂိုးအထိ သွင်းယူပေးထားနိုင်တာ ဖြစ်ပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD